အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီချမှတ်ပြီး အမှုများဆက်လက်ကျန်ရှိနေသေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို  ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၁ မှုနဲ့ တရားစွဲဆိုထားပြီး ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅(ခ)အမှုဖြင့် ထောင်ဒဏ် ၂ နှစ် နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာအမိန့်ချခဲ့ကြောင်းသိရပါတယ်။

ထို့အတူ သမ္မတဦးဝင်းမြင့်ကိုလည်း ပုဒ်မ ၅၀၅(ခ) အမှုဖြင့် ထောင်ဒဏ် ၂ နှစ် နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဆူပူလှုံ့ဆော်မှု၊ သဘာဝဘေးအမှု၊ လျှိုဝှက်အက်အမှု၊ အဂတိမှုများနဲ့ တရားစွဲနေခြင်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၈၀ ရွယ်ဦးဝင်းထိန်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ထောင်ဒဏ် နှစ် ၂၀ ချထားခံရပါတယ်။

ထို့အတူပဲ NLD ပါတီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ နန်းခင်ထွေးမြင့်ကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်ချမှတ်ခဲ့ပြီးတော့ ကရင်ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကိုလည်း ထောင်ဒဏ် ၉၂ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရပါတယ်။