ပင်ကိုယ်ပါရမီရှိတဲ့အပြင် Vocal power ကောင်းတဲ့သူတစ်ယောက်လည်းဖြစ်တဲ့ ပြည်သူချစ် အဆိုတော် ဖြူဖြူကျော်သိန်း ရဲ့ ဘဝအကြောင်း

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံရဲ့ ထင်ရှားလှတဲ့ အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူမရဲ့ Stage performance တွေ၊ ဝတ်စားဆင်ယင်ပုံ တွေကြောင့် မြန်မာ Lady Gaga လို့တောင် တင်စားခေါ်ဆိုခဲ့ကြပါတယ်။ Pop, Rock, Glam Rock အမျိုးအစားတွေကို သီဆိုလေ့ရှိတဲ့ ဖြူဖြူကျော်သိန်းကိုတော့ ၁၉၈၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးကျော်သိန်းး (ညွှန်မှူး(ငြိမ်း) သမဝါယမဝန်ကြီးဌာန)နဲ့

မိခင်ဖြစ်သူ ဒေါ်တင်တင်ကြည် (လက်ထောက် ကထိက(ငြိမ်း)စီးပွားရေးတက္ကသိုလ်) တို့မှ ရန်ကုန်အမျိုးသမီးဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်။မွေးချင်းအနေနဲ့ကတော့ ညိုညိုသိန်းလို့ ခေါ်တဲ့ အစ်မတစ်‌ယောက်ရှိပြီး သူမထက် ၇ နှစ်ခန့်ကြီးတယ်လို့ သိရပါတယ်။ မွေးရပ်ဇာတိကတော့ ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ အတန်း ပညာကိုတော့ သူငယ်တန်းကနေ ဒုတိယတန်းအထိ အမှတ်(၁၆) အခြေခံပညာ မူလတန်းကျောင်း(စမ်းချောင်း) မှာ တက်ရောက်သင်ကြားခဲ့ပါတယ်။

အဲ့ဒီ့နောက် တတိယတန်းကနေ ဒဿမတန်းအထိကိုတော့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC) ကမာရွတ်မှာ တက်ရောက်သင်ကြားခဲ့ပါတယ်။ တက္ကသိုလ်ဝင် တန်းပြီးဆုံးတဲ့အခါမှာတော့ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ ဆက်လက်ပညာသင်ကြားခဲ့ပြီး ဆရာဝန်ဘွဲ့ ရရှိခဲ့ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဘုရားကျောင်းက Choir အဖွဲ့တစ်ဖွဲ့နဲ့အတူ သီချင်းတွေကို စတင်သီဆိုခဲ့ပါတယ်။

သူမရဲ့ အိမ်မက်ကတော့ တကမ္ဘာလုံးက အသိအမှတ်ပြု လေးစားချစ်ခင်ခြင်းခံရတဲ့ အဆိုတော်တစ်ဦး ဖြစ်လာဖို့ပါပဲ။ အသက် ၁၉ နှစ်အရွယ်၊ ဆရာဝန်တစ်ဦးဖြစ်လာဖို့ ကြိုးပမ်းနေချိန်မှာပဲ သူမဟာ အဆိုတော်တစ်ဦးဖြစ်လာဖို့ စတင်ရုန်းကန်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်မှာတော့ သူမဟာ နေ့ဘက်မှာ ကျောင်းစာတွေကို သင်ကြားပြီး ညဘက် မှာတော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်ဘမ်ဖြစ်တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” ဆိုတဲ့ အယ်ဘမ်အတွက် Studio မှာ အသံသွင်းခဲ့ပါတယ်။

Studio တစ်ခုမှာတော့ သူမဟာ မြန်မာနိုင်ငံရဲ့ ဂန္တဝင် Band တစ်ခုဖြစ်တဲ့ Iron Cross အဖွဲ့သားတွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Vocal power ကောင်းကောင်းနဲ့ ပင်ကိုယ် ပါရမီ ရှိသူတစ်ယောက်ဖြစ်တဲ့သူမကို Iron Cross ဟာ သူတို့ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ အဖွင့်သီချင်း သီဆိုပေးဖို့ သူမကို ဖိတ်ကြားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူမရဲ့ အသံပါဝါ၊ Stage performance တွေကြောင့် ပရိသတ်တွေ စတင်သတိထားမိလာပြီး မျက်နှာသစ် rock အဆိုတော်တစ်ဦးအဖြစ် နာမည်ရလာခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ၂၀၀၃ ခုနှစ်မှာတော့ “လုံးဝမသက်ဆိုင်တော့ပါ” ဆိုတဲ့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးကို ဖြန့်ချီခဲ့ပြီး အောင်မြင်မှုတွေကို စတင် ရရှိခဲ့ပါတယ်။ အဲ့ဒီ့နောက် မှာတော့ သူမဟာ အဲ့ဒီ့ခေတ်ကာလတုန်းက နိုင်ငံရဲ့ ဆင်ဆာစည်းမျဥ်းတွေကြောင့် အချိန်အတန်ကြာ သူမရဲ့ တေးသီချင်းတွေဟာ ပြသခွင့် ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။ သူမရဲ့ တေးသီချင်းတွေ၊ Music Video တွေကို ပိတ်ပင်ရတဲ့ အကြောင်းရင်းကတော့ ပုံမှန်မဟုတ်တဲ့ သီဆိုပုံနဲ့ နှုတ်ခမ်းလှုပ်ရှားပုံတွေကြောင့်ပဲဖြစ်ပါတယ်။

သူမဟာ ၂၀၀၇ ခုနှစ်မှာတော့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်ဘမ်ဖြစ်တဲ့ “ချစ်သူအမုန်း ကျိန်စာ” ဆိုတဲ့ အယ်ဘမ်ကို ဖြန့်ချီခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ‘Memoir of a Diva’ (2011) နဲ့ ‘Damsel in Distress’ (2012) စတဲ့ အယ်ဘမ်တွေကို ဆက်တိုက် ဆိုသလို ဖြန့်ချီခဲ့ပါတယ်။ သူမရဲ့ ထူးခြားလှတဲ့ သီဆိုပုံတွေ၊ မြန်မာဘာသာနဲ့ အင်္ဂလိပ် ဘာသာ နှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်ပုံတွေ၊ ဆန်းသစ်တဲ့ Musical performance တွေကြောင့်

တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပေါက်ရောက် အောင်မြင်ခဲ့ပြီး သူမရဲ့ အယ်ဘမ်တွေဟာ ရောင်းအားအကောင်းဆုံး ဆုတွေကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘Thou Shalt Be Remembered’ ဆိုတဲ့ အယ်ဘမ်ဟာလည်း နိုင်ငံရဲ့ အတိတ်ကို မီးမောင်းထိုးပြခဲ့ပြီး အနာဂတ်မျှော်လင့်ချက်တွေ ပါဝင်တဲ့ စာသားတွေကြောင့် ပရိသတ်တွေ လက်ခံအားပေးခဲ့ကြပြန်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံတွင်းမှာသာမကဘဲ Asia, Australia, US နဲ့ ဥရောပတစ်ခွင်မှာ ဖျော်ဖြေပွဲပေါင်းများစွာကို လက်ခံဖျော်ဖြေခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ the 40th anniversary ASEAN concert မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ဖျော်ဖြေခဲ့ပါတယ်။ မှတ်မှတ်ရရ ၂၀၁၂ ခုနှစ်တုန်းက နာမည်ကျော် အဆိုတော် jason Mraz နဲ့အတူ ပရိသတ် ၇၀,၀၀၀ ကျော်ရှေ့မှာ ဖျော်ဖြေခဲ့တဲ့ ပွဲဟာလည်း ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ့ပွဲမှာတော့ Jason Mraz ရဲ့ “Lucky” သီချင်းကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ အတိုင်အဖောက်ညီညီ ဖျော်ဖြေခဲ့ကာ ပရိသတ်တွေကို အတော်လေး ဘဝင်ခိုက်စေခဲ့ပါတယ်။ သူမဟာ နိုင်ငံတကာက ဖျော်ဖြေပွဲပေါင်းများစွာမှ သွားရောက်ဖျော်ဖြေခဲ့ရုံသာမက ၂၀၁၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် program တစ်ခုဖြစ်တဲ့ Galaxy Star singing contest မှာ Performer နဲ့ judge အဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ ၂၀၀၈ ခုနှစ်ကတည်းက UNICEF ရဲ့ celebrity ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ လူစိတ်ဝင်စားမှု အများဆုံးလို့ ပြောရမယ့် Myanmar Idol အဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူမဟာ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးရဲ့ အတွင်းရေးမှူးအဖြစ်လည်း ခန့်အပ်ခံခဲ့ရသူ တစ်ယောက်လည်းဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာတော့ သူမရဲ့ သတ္တမမြောက် အယ်ဘမ်အတွက် NUAC orchestra နဲ့ လက်တွဲကာ Traditional နဲ့ western ဂီတကို ရောယှက်ပြီး ပရိသတ်တွေဆီကို အသစ်သစ်သော အနုပညာဖန်တီးမှုတွေ တင်ဆက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ သူမရဲ့ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ တေးစီးရီးတွေကတော့ လုံးဝမသက်ဆိုင်တော့ပါ(၂၀၁၃)- ချစ်သူအမုန်း ကျိန်စာ(၂၀၀၇) Memoir of a Diva (၂၀၁၁) Damsel in distress(၂၀၁၃) Thou shalt be remembered(၂၀၁၅) April Fool (mini-album) (၂၀၁၆)- Storm (mini-album) (၂၀၁၈) တို့ပဲဖြစ်ကြပါတယ်။