မုသာဝါဒ ရေဒီယို၊ မအောင်မြင်တဲ့ ဝါဒဖြန့်ချိရေးနဲ့ အသက် ၆၀ ကျော် အမေကြီး အမှန်မြင်သွားတဲ့ ဖြစ်ရပ်

အမေ အိမ်ကို ရောက်လာတော့ ရေဒီယို ၂ လုံးပါလာတယ်။ သူ့သားကြီးကို တစ်လုံးပေးလိုက်ပြီး၊ကျန် တစ်လုံး နဲ့ မနက် မိုးလင်းလာရင် သွေးပူ လေ့ကျင့်ခန်း …. စ ဆိုတဲ့ လေ့ကျင့်ခန်းအစီအစဉ်ကနေ စ နားထောင်လိုက်တာ၊ ဆရာတော်များရဲ့ တရားတွေ အလယ်၊ သတင်းတွေ ကိုတော့ အစအဆုံးပေါ့။

သတင်း နားထောင်ရင်း ရေဒီယိုနဲ့ စကား ပြောသေးတာ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် လုပ်နေကြတယ်၊အေးအေး မနေကြဘူးတို့၊ တောထဲဝင်သွားတဲ့သူတွေ အမြင်မှန်ရပြီး ပြန်ဝင်လာတာ မှန်တယ်တို့၊ သောင်းကျန်းသူတွေ ဖမ်းမိကုန်တာ ကောင်းတယ်တို့ စသည့်ဖြင့်ပေါ့။

အသက်အရွယ်အရ သူ့ဘာသာ ထင်ချင်ရာ ထင်ပါစေဆိုပြီးထားထား ပေမယ့် ၊သူသိသမျှ ကိုယ့် လာလာ ပြောပြီး အပြင်ဘက်က ပေါက်ကွဲသံကြားတိုင်း ပြည်သူတွေ အေးအေး မနေကြဘူးချည်း ပြောနေတာတော့ သမီးတွေကပါ မခံနိုင် ဖြစ်လာကြတယ်။

ပြီးခဲ့တဲ့ လက သမီးက သူ့အဘွားကို ဖဘအကောင့် တစ်ခု ဖွင့်ပေးလိုက်ပြီး သာဒင်အပ် ထည့်ပေးထား၊အခြား သတင်းဌာန တွေလည်း တင် ပေးထားလိုက်ပြီး ဒီလိုကြည့်ရတယ်၊ ဒီလိုနှိပ်ရတယ် ပြထားလိုက်တယ်။ အိမ်မှာတော့ ဇော်မဲလုံးကို ရာထူးအပြည့်အစုံရော ရော၊ နာမည် အမှန်ပါခေါ်နိုင်တာ ကိုယ့်အမေ တစ်ယောက်ပဲရှိတယ်။

ဖဘ ကြည့်စက သတင်းကိုနားထောင်ပြီး ဟင် သူပြောတာ အဲ့သလို မဟုတ်ပါဘူး။ ဟယ် အဲ့ဒီသတင်းကို သူပြောတုန်းက ဒီလိုပါနဲ့။ နောက်ရက် နည်းနည်းကြာလာတော့ ဖုန်းကြည့်နေရင်း တောက်တွေ ဘာတွေ ခေါက်လို့ ဒီလူတွေ ဗြောင်လိမ်ကြတယ်ဆိုပဲ

တစ်ခါတစ်လေတော့ သတင်းတုပေ့ချ်တွေ ကြည့်ပြီး အလန့်တကြားအော်တတ်သေး ဘယ်သူတော့ ဆုံးပြီတို့ ဘယ်နေရာတော့ သိမ်းပိုက်လိုက်နိုင်ပြီတို့နဲ့ အခုရက်ကျတော့ အမေက အရင် သတင်းပေးသူ ဖြစ်နေပြီ၊ အိမ်မှာသူပဲ ဖုန်းအသုံးနိုင်ဆုံးသူ။ သူ့ဘာသာ ပြောသေးတာ ငါတော့ဖုန်းစွဲနေပြီတဲ့။

ရေချိုးချိန် တွေနောက်ကျ၊ နေ့ခင်းဘက် တောင် တရေးတမော မအိပ်နိုင်၊ သူ ကြိုက်တဲ့ ကိုရီးယား နန်းတွင်းကားဖွင့်ထားပြီး ဖုန်းပဲကြည့်နေတော့တာ။ သူကြည့်တတ်တာ သတင်းတွေပါပဲ။

အမေဟာ သတင်း ဆာလောင်သူ တစ်ယောက်ဖြစ်နေတာကိုး၊ မနက်စာ စားနေရင်း ဖုန်းမကြည့် ပါနဲ့အုံးလို့ပြောရင် သူ သတင်းလွတ် သွားမှာစိုးလို့တဲ့၊ ပြန်ရှာလို့ ရပါတယ် ပြောပေမယ့် သူပြန်မရှာတတ်တော့ (ကိုယ်တို့ကလည်း အချိန်တိုင်း ရှာပေးမနေနိုင်)ပြောမရပါဘူး။

ဖေ ၁ ကစပြီး အမေဟာ အကြောက်လွန်သူ ဖြစ်ခဲ့ဖူးတယ်။ ရန်ကုန်မှာတောင် မနေရဲလို့ ၊ရေကြည်ကို ပို့ထားရသေး။ ကိုယ်ရေးတဲ့ စတေးတပ်တွေကို သူနဲ့ အတူနေသူ တွေကိုဖတ်ခိုင်းပြီး (fbမကြည့်တတ်သေးတော့) စိတ်ပူပြီး ငိုတောင်ငိုဖူးခဲ့သူ။

ပြည်သူတွေ လုပ်နေလို့ တိုင်းပြည် မငြိမ်မသက်ဖြစ်နေရတာလို့ ထင်မှတ်ခဲ့ဖူးသူ။ သတင်းတုများကြား ပိတ်လှောင်ကြောက်ခဲ့ရသူ။ အခုတော့ ဖုန်းကိုင် နားကြပ်တပ် ဘယ်သူ ခေါ်ခေါ် မကြား ကြားလည်း မဖြေဘူးနော်…

သူ့သတင်း လွတ်သွားမစိုးလို့ ဟိုနေ့က သူ့သားကြီး အိမ်လာတာ မသိလိုက်ဘူး မနေ့က ကိုယ်အပြင်က ပြန်ရောက်ကြောင်း ပြောတာ မော့တောင်မကြည့် (အရင်က စိတ်ပူပြီး မျှော်နေတတ်တာ)

သမီးကပြောတယ် သူ့တုန်းကလို ဖုန်းသိမ်းတော့မယ်လို့ အဘွားကိုပြောလေတဲ့ အေး ဖုန်းသိမ်းလိုက်လို့ ရေဒီယို ပြန်ကိုင်သွားရင် မိုးလုံးမှိုင်း တွေဝင်လာမှာနော်လို့။ ဆာလောင်နေတုန်း စီးဆင်းပါစေလေ အခုတော့အရေးတော်ပုံအောင်မှဖြစ်မှာတဲ့။