တုရင်တောင်တန်းအနီးရှိ သက်စိုးတောင်က ကျောက်ရေကန် နဲ့ လူအများစိတ်ဝင်စားကြတဲ့ လေးထောင့်သင်္ကေတအကြောင်း

ပုဂံရဲ့အရှေ့ဘက်မှာရှိတဲ့တောင်တန်းကို တုရင်တောင်တန်းလို့ခေါ်ဆိုပြီး တုရင်တောင် စွယ်တော်ရှင် ကိန်းဝပ်တဲ့တောင်ထိပ်ရဲ့ တခြားတစ်ဖက်ကို သက်စိုးတောင် လို့ ခေါ်ကြ ပါတယ်။ အ​ကြောင်းကတော့ သက်လူမျိုးများ ဒီတောင်ပေါ်မှာနေထိုင်ကြခဲ့လို့ပါပဲ။ ဒီသက်စိုးတောင်မှာ ခုနောက်ပိုင်း လူစိတ်ဝင်စားလာကြတဲ့ ကျောက်နတ်ရေကန် တစ်ခု ရှိပါတယ်။

အဲ့ဒီကျောက်နတ်ရေကန်နာမည်ကြီးလာသလို ရေကန်ကျောက်နံရံက လေးထောင့်ပုံ သင်္ကေတကိုလည်း လူစိတ်ဝင်စားလာကြပါတယ်။ ဒီကျောက်နတ်ရေကန်ကိုသွားဖို့ တုရင်တောင်ဘုန်းကြီး ကျောင်းကနေ တောလမ်းလေးအတိုင်းသက်စိုးတောင်ကို သွားရပါတယ်။ လမ်းမှာ တခြားစိတ်ဝင်စားစရာ နေရာ တွေလည်း ဝင်လို့ရပါသေးတယ်။

ဒီလမ်းအဆုံးမှာတော့ကျောက်သားတွေနဲ့ဆည်ဖို့ထားတဲ့ ကျောက်ရေကန်ကြီးကို ရောက်ပြီလည်း ဖြစ်ပါတယ်။ ဒီရေကန်ကြီးဟာ ကျောက်နံရံသုံးခုဘေးပတ်လည်ရှိပြီး တခြားတစ်ဖက်ကိုတော့ ကျောက်တုံးများစီကာဆင့်ကာ ဆည်ဖို့ထားပါတယ်။

လက်ရာများနဲ့ရှေးစကားများအရ ဒီရေကန်ကိုပုဂံခေတ်က ကျောက်ထုတ်လုပ်ဖို့ကျောက်တူးကြရာကနေ ကန်အဖြစ်ပြောင်းလဲခဲ့ကြတယ်လို့ဆိုကြပါတယ်။ တခြားဖြစ်နိုင်ချေကတော့ သက်စိုးတောင်ပေါ် အတွက် သုံးတဲ့ကန်ဖြစ်သလို့ မြကန်ရဲ့ရေစစ်ကန်လည်းဖြစ်နိုင်တာပါပဲ။ အရင်ကတော့ ဒီကန်ရဲ့ရေဝင်ရေထွက်များ ကိုတွေ့ရှိရသေးတယ်ဆိုပါတယ်။

ဒီကျောက်ရေကန်က အလျား ပေ ၈၀ အနံ ပေ ၈၀ နဲ့ အနက် ပေ ၃၀ ရှိပြီး ကန်ထဲဆင်းဖို့ လှေကား ၂ ခုရှိပါတယ်။ ဒီကျောက်ရေကန်ကိုတော့ ၂၀၀၈ ခုနှစ်မှာ တုရင်တောင် ကျောင်းဆရာတော် ဦးနန္ဒဝံသနှင့် အဖွဲ့က ကန်ထဲနစ်နေတဲ့ မြေကြီးသုံးလေးပေလောက်ကို တူးဖော်သန့်ရှင်းခဲ့ပါတယ်။ ဒီရေကန် က ခု သုံးလေးနှစ်လောက်မှ နာမည်ကြီးလာတာဖြစ်ပြီး

ရောက်ရှိလာသူများက ရေကန်အကြောင်းကို အမျိုးမျိုးလေ့လာသုံးသပ်ကြပါတယ်။ ဒီအထဲမှာ ရေကန်နံရံက လေးထောင့်သင်္ကေတကွက်က လူစိတ်ဝင်စားမှု အများဆုံး လည်းဖြစ်ပါတယ်။ လူအများစိတ်ဝင်စားကြတဲ့ လေးထောင့်သင်္ကေတကတော့ ရှေးဟောင်းအဆောက်အအုံများမှာ ထားရှိလေ့ရှိတဲ့ ကံကောင်းခြင်းအဆောင် စကြာ သင်္ကေတ သာဖြစ်ပါတယ်။

တခြားသောအဓိပ္ပါယ်မျိုး ထူးဆန်းတဲ့လျို့ဝှက်မြေပုံမျိုး နားမလည်တဲ့စာမျိုးလိုမျိုး ထူးထူးကဲကဲ ပဟေဠိဆန်တာတွေမဟုတ်ပါဘူး။ ဒီလိုစကြာသင်္ကေတပုံမျိုးကို အရှေ့တိုင်းက ဘာသာရေး အဆောက်အအုံများမှာ ထားရှိလေ့ရှိကြပါတယ်။ စိတ်ဝင်စားရင်တော့ ဒီအကွက်လေးကို ဝင်္ကပါ ဆော့နည်းလိုဆော့ကြည့်နိုင်ပါတယ်။

အစကိုပဲပြန်ရောက်တာတွေ့ရပါလိမ့်မယ်။ ဒီ ကျောက်ရေကန်က စကြာသင်္ကေတပုံမျိုးနဲ့ ဆင်တူတာ ကိုလည်း AD 6 ရာစု နဲ့ 8 ရာစုကြားထွန်းကားခဲ့တဲ့ အိန္ဒိယနိုင်ငံအနောက်ဖက်က Badami လိုဏ်ဂူဘုရားကျောင်းများမှာတွေ့ရပါတယ်။ အဆိုပါလိုဏ်ဂူမှာလည်း အလားတူသင်္ကေတကို ကျောက်သားနံရံမှာထွင်းထုထားတာမို့

ဒီစကြာသင်္ကေတဟာ ကျောက်သားနံရံတွေမှာ ထွင်းထုလေ့ရှိတဲ့ ကံကောင်းစေတဲ့သင်္ကေတများသာဖြစ်​ကြောင်း ယူဆရပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုကတော့ အဲ့ဒီစကြာသင်္ကေတရဲ့ အလယ်နားက အပေါက်လေးပါပဲ။ တခြားပုံစံတူတွေမှာ အလယ်ဗဟိုနေရာကို အခြားသင်္ကေတတစ်ခုခုနဲ့ ထားရှိသော် လည်း ဒီကျောက်ရေကန်မှာတော့ အလယ်တည့်တည့်မဟုတ်ဘဲ အောက်နည်းနည်းရောက်နေပါတယ်။

ဒါဘာကြောင့်လဲဆိုတော့ ကန်ရဲ့ရေမျက်နှာပြင်ကို မှတ်သားတဲဲ့အမှတ်အသားလို့ ယူဆရလို့ပါပဲ။ တချို့ ကတော့ ဒါဟာသဘာဝရေစိမ့်တွင်းလို့လည်း ပြောကြပါတယ်။ ဘာလို့ ဒီလို ယူဆလဲဆိုရင် ကျောက် ရေကန် ရဲ့ တခြားတစ်ဖက်မှာ ကျောက်ဆစ် နဂါးရုံဘုရားပုံတော် ထုဆစ်ပူဇော်ထားပါတယ်။ အဲ့ဒီ နဂါးရုံဘုရားပုံတော်က နဂါးအမြီးအောက်ခြေဟာ

စောနက စကြာပုံသင်္ကေတရှိအပေါက်နဲ့ အမြင့်အတူတူလောက်ရှိလို့ပါပဲ။ ဒါကြောင့် နဂါးရုံဘုရားပုံဟာ ရေပေါ်မှာပေါ်နေမှာဖြစ်ပြီး ကန်ထဲမှာ ရေကို နဂါးရုံဘုရားပေါ်ရုံသာ ထားရှိတယ်လို့ ထင်မြင်မိပါတယ်။ နောက်တစ်ချက်ကတော့ စကြာပုံသင်္ကေတရဲ့ဘေးမှာရှိတဲ့ ငှက်ရုပ်တွေဟာ အဆိုပါရေချိန်မှတ်ရဲ့ အပေါ်မှာသာရှိနေခြင်းကြောင့်ပါပဲ။

ဒါကြောင့် ဒီရေကန်ဟာကန်ရေပြည့် ရေလှောင်တာမဟုတ်ဘဲ ရေတစ်ဝက်သာထားရှိပြီး ရေကန်ဘေး ပတ်လည်မှာ နဂါးရုံဘုရား၊ စကြာတံဆိပ်အမှတ်အသား နဲ့ ငှက်ရုပ်များဖြင့် အလှဆင်ထားတဲ့ စိတ်ကူး စိတ်သန်းကောင်းနဲ့တူးဖော်ထားတဲ့ ရှေးခေတ်ကျောက်ရေကန်ဖြစ်ပါတယ်။