ပိတ်သိမ်းရတော့မယ့် ကျပ် (၅၀၀) တန် ထမင်းဆိုင်လေးနဲ့ ပရဟိတ သမားတို့ရဲ့ မျက်ရည်

ကျပ် (၅၀၀) တန် ထမင်းဆိုင်လေးရဲ့ နိဂုံး၊ ပရဟိတသမားတွေရဲ့ မျက်ရည်နဲ့ နစ်နာခဲ့ရတဲ့ ပြည်သူများ မန္တလေးမြို့၊ လမ်း၉၀ရှိ မြန်ကောင်းသက်သာ ထမင်းဆိုင် ယနေ့မှစတင်ကာ ပိတ်သိမ်းတော့မယ်။မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၉၀နှင့် လမ်း၃၀ထောင့်မြောက်ဘက်ရှိ

မိဘမေတ္တာ ကျပ်ငါးရာတန် မြန်ကောင်းသက်သာ ထမင်းဆိုင်ကို ယနေ့ ဒီဇင်ဘာ၂၃ ရက်မှ စတင်၍ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းသွားတော့မယ်လို့ သိရပါတယ်။“အားပေးကြသူတိုင်းရဲ့ ကျေးဇူးတရားများနဲ့ အင်အားများကို ဘယ်တော့မှမ‌မေ့ပါဘူးဗျာ။

အခြေအနေနဲ့ အချိန်ခါအရမို့ မနက်ဖြန်ကစပြီးတော့ ရက်အကန့်အသတ်မရှိ ဆိုင်ကို ခေတ္တပိတ်ရပါဦးမယ်။ ဒီဇင်ဘာ၂၂ရက်ဟာ နောက်ဆုံးရောင်းရတဲ့နေ့လို့ မထင်မှတ်သောနေ့လေးပါ”ဟု ထမင်းဆိုင်ပိုင်ရှင် မငြိမ်းက လူမှုကွန်ရက်ပေါ်သို့ ရေးတင်ကာ အသိပေးထားပါတယ်။

ယင်းတန်ဖိုးနည်းထမင်းဆိုင်ကို ဒီဇင်ဘာ ၁ ရက်မှ စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ အလှူရှင်များ၏ လှူဒါန်းအားပေးမှုများကြောင့် စတုဒိသာများကို ကျွေးမွေးနိုင်ခဲ့သလို အခြေခံလူတန်းစားများ၏ အားထားရာ ဆိုင်တဆိုင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပရဟိတ သမားတို့ မည်သည် စေတနာထားတတ်တဲ့ ပရဟိတ စိတ်သာ ရှိပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ အကူအညီ လိုအပ်နေတဲ့သူတွေကို ကူညီပေးဖို့သာ ရှိပါတယ်။အဲဒါကို ကြောက်လန့်နေသူတွေက လိုက်လံ ပိတ်ပင်နေကြတဲ့ အခါမှာ

စေတနာ သန့်သန့်နဲ့ ကူညီနေတဲ့ ပရဟိတ သမားတွေ စိတ်မကောင်း ဖြစ်နေကြပါတယ်။ ယခုလို ပိတ်လိုက်ရတဲ့အတွက် ပရဟိတသမားတွေမှာ ဘာမှ နစ်နာမှု မရှိပါဘူး။ တကယ်တမ်း နစ်နာသွားရတာကတော့ မြန်ကောင်းသက်သာ ကျပ် (၅၀၀) တန်

အဝစား ထမင်းဆိုင်တွေကြောင့် ထမင်းဝဝ စားနေရတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ်။ လှူဒါန်းကျတဲ့ သူတွေနဲ့ ဝေယျာဝစ္စဆောင်ရွက်ပေးကြတဲ့ စေတနာရှင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ်။