စစ်ကောင်စီ ရဲသင်တန်းဆင်းများအတွက် ကျပ်သိန်း ၂၀၀ အကုန်ခံကာ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ရန် ပြင်ဆင်နေ

စစ်ကောင်စီ၏ ပြည်သူ အပေါ် ဖိနှိပ်သည့် နေရာများတွင် တာဝန်ထမ်းဆောင်မည့် ရဲသင်တန်းဆင်းများ အတွက် နှစ်သစ်ကူးဂုဏ်ပြုညစာ စားပွဲကို ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် အာဏာသိမ်း စစ်ကောင်စီမှ ကျပ်သိန်း၂၀၀အကုန်ကျခံ ပြုလုပ်ပေးရန်

စီစဉ်နေကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်း သိရှိရသည်။ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း ရဲတပ်ဖွဲ့ဝင် သင်တန်းဆင်းလာသည့် တပ်ဖွဲ့ဝင်အသစ်များအတွက် နှစ်သစ်ကူးဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာလ ၃၁ ရက်၊

ညပိုင်းအချိန်၌ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးမှပြောသည်။ “ဘတ်ဂျက်သိန်း ၂၀၀ချပေးထားတယ်။ အခမ်းအနား ပြင်ဆင်စရိတ် နဲ့ အဲဒီညမှာ သောက်ကြစားကြဖို့၊ ကံစမ်းမဲတွေ ဖောက်ပေးဖို့ပေါ့။ ရုံးဝင်း အတွင်းမှာပဲ အခမ်းအနားပြင်ဆင်ပြီး လုပ်မှာပါ။

ပြည်နယ်အဆင့်၊ ခရိုင်အဆင့်အရာရှိတွေလည်း တင်မှာပါ။ ပြည်သူတွေဒီလောက် ကျိ န် စာတိုက်လိုက်၊ ဆဲ ရေး တိုင်းထွာလိုက်နဲ့ သူတို့ကို ရွံ နေတာတောင် တပ်ဖွဲ့ဝင်အသစ်တွေကိုပြည်သူ့ဘဏ္ဍာနဲ့ ပွဲလုပ်ပေးနေသေးတယ်”ဟု ရဲအသိုင်းအဝန်းမှ အမာခံသတင်းပေးတစ်ဦးက ပြောသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးအပြင် ပြည်ထောင်စုအဆင့် စစ်တပ်အရာရှိတစ်ဦး၊ ရဲအရာရှိတက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အလားတူ အာဏာသိမ်းစစ်ကောင်စီက လာမည့်ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့်

၇၄နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားကို တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပရန်အတွက် အင်အားအလုံးအရင်းဖြင့် လုံခြုံရေးယူကာပြင်ဆင်နေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်၌ နိုင်ငံတော်အာဏာကို

မတရားရယူထားသည့်စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့က အခမ်းအနား အမျိုးမျိုး ကျင်းပ ရန် ပြင်ဆင်နေကြသော်လည်း အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများက ယနေ့တိုင် ရရာနည်းလမ်း အမျိုးမျိုးဖြင့် စစ်ကောင်စီ ဆန့်ကျင်ကာ ခုခံတော်လှန်လျက်ရှိသည်။