“တိုက်ပွဲဝင်ရင်း အမောဖောက် ကျဆုံးခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး ရဲ့ ဖြစ်ရပ် နှင့် အလေးထားဂရုစိုက်ရမယ့် PDF တို့ရဲ့ ကျန်းမာရေး”

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲကင်းဂိတ်ကို ဇန်နဝါရီ ၂ ရက်နေ့ မနက်အာရုံချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့သော်လည်း PDF တပ်ဖွဲ့ဝင် တဦးသည် အမောဖောက်ပြီး ကျဆုံးခဲ့ကြောင်း သိသည်။ တိုက်ပွဲအတွင်း သေနတ်ကျည်ဆံ ထိမှန်ပြီး ကျဆုံးခြင်းမျိုးမဟုတ်ပဲ ကျဆုံးခြင်းသည် ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့ပြီး တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့်

မိမိ၏ အနေအစား ဆင်းရဲခြင်း၊ လက်နက်မပြည့်စုံခြင်းနှင့် မိမိ၏ ချစ်ခင်ရသူများ ထိခိုက်ကျဆုံးခြင်း တို့ကြောင့် ဒေါသအလျောက် စိတ်ခံစားမှုများအပြင် စိတ်ဖိစီးမှုများအထိ ဖြစ်လာနိုင်ကြောင်း ကျန်းမာ ရေးဆိုင်ရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။ မိမိတို့ တိုက်ခိုက်ရေးသည် အချိန်ကြာလာသည် နှင့်အမျှ ထို စိတ်ဖိစီးမှုများလည်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို အလေးထားကာ မိမိ၏ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေ စေရန်နှင့် သက်လုံကောင်းစေရန် အတွက်

လေ့ကျင့်မှုများ၊ အိပ်ရေးဝရန် ပြင်ဆင်ထားမှုများ လိုအပ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုသည်။ “အိပ်ရေးဝအောင် အိပ်ပါလို့ သူတို့ကိုပြောရင် သူတို့ ရယ်ကောင်းရယ်ကြ လိမ့်မယ်။ ဒါပေမယ့် ဒါက တကယ်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဂျူတီမဟုတ်တဲ့ အချိန် တွေ၊ တိုက်ခိုက်ရေး အချိန်မဟုတ်တာတွေဆို အိပ်ရေးဝအောင် ကြိုးစားအိပ်ဖို့တော့ လိုတယ်။

အနားယူမှု ကောင်းကောင်းတော့လိုတယ်။ လူဟာ တခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အတွင်း ဘယ်လို ဖြစ် နေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ဘူး။ အဲ့ဒီကနေတဆင့် အိပ်ရေးပျက်တာ များလာတဲ့အခါ ခန္ဓာကိုယ် တွင်းမှာ အက်ဆစ်ဓာတ်တွေ ထွက်လာပြီး နှလုံးကို ထိခိုက်တာမျိုး ဖြစ်တတ်တယ်”ဟု တိမ်းရှောင်နေရသော CDM အထွေထွေ ရောဂါကု ဆရာဝန်တဦးက မှတ်ချက်ပြုသည်။

 

ထို့အပြင် PDF တိုက်ခိုက်ရေး တပ်သားများအနေဖြင့် ဆေးလိပ်နှင့် အရက်ကိုလည်း အထူးရှောင်ကျဉ်ရန် လိုအပ် ကြောင်း၊ နေ့စဉ် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက်ပုံမှန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း တခြား CDM ဆရာဝန်တဦးကလည်း အကြံပြု သည်။ တိုက်ပွဲအတွင်း တိုက်ခိုက်နေစဉ် ခန္ဓာကိုယ် ကြံ့ခိုင်ရေးက အထူးအရေးပါပြီး ပေါက်ကွဲသံများ၊ မိမိ၏ မိတ်ဆွေ သူငယ်ချင်းများ ထိခိုက် သေဆုံးနိုင်သည့် မြင်ကွင်းများကလည်း

မိမိ၏ စိတ်နှင့် နှလုံးကို ရုတ်တရက် ထိခိုက်စေနိုင်သည့် ကျန်းမာရေးရှု့ထောင့်များကိုလည်း ထည့်သွင်း စဉ်းစားထားရမည်ဟု ၎င်းက ဆက်အကြံပြုသည်။ တောတောင်ထဲတွင် အနေအစား ဆင်းရဲခြင်း၊ ခြင်၊ ယင်၊ မှတ်များနှင့်အတူ နေထိုင်ကြရခြင်း၊ လက်နက်မပြည့်စုံခြင်းများကလည်း လူသားတဦးဖြစ်သည့်အတွက် အထိုက်အလျောက် စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှု ဖြစ်ပေါ်စေနိုင်ကြောင်း သူက ပြောသည်။ “နေထိုင်၊ စားသောက်ပုံကလည်း တခါတလေ လူတိုင်းမဟုတ်ပေမယ့် တချို့လူတွေမှာ စိတ်ဖိစီးမှု ဖြစ်တတ်တယ်။

စိတ်ဖိစီးမှုက ပုံစံမျိုးစုံကနေ လာနိုင်တယ်။ အဲ့ဒါကိုလည်း ကိုယ့်တော်လှန်ရေးသမားတွေ အလေးထားဖို့လိုတယ်။ အဲ့ဒီတော့ အဓိက မှာချင်တာက ခန္ဓာကိုယ် ကြံ့ခိုင်အောင် အားတဲ့အချိန်တိုင်း လေ့ကျင့်မှုတွေ ပြုလုပ်ပေးပါ။ ဆေးလိပ်နဲ့ အရက် တတ်နိုင် သမျှ ရှောင်ကျဉ်ပါ။ တောတောင်တွေထဲ ပုန်းရှိုးသွားလာနေရချိန်မှာ တက်နိုင်သမျှ စိတ်ရော၊ လူပါ ဖြေသိမ့်စရာတွေ ရှာကြံ နေပါ။ ကိုယ်တွေ ကျန်းမာနေမှ တိုက်ခိုက်ရေး အောင်မြင်မှာကို နှလုံးသွင်းပါ” ဟု ၎င်းက အကြံပြုသည်။