RIP ပါဆိုပြီး တရက်လောက် ပို့စ်တင်ကြမှာလား၊ပြန်လမ်းမရှိတဲ့နေရာကိုရောက်မှ ကျေနပ်ကြမှာလားရှင် လို့ဝမ်းနည်းစွာမေးလိုက်တဲ့ ထားထက်ထက်

စစ်ပွဲက ကိုယ့်ဆီရောက်လာတဲ့အခါ လက်နက်ကိုင်ပြီးလဲ မတိုက်နိုင် ၊ တိုက်နိုင်လဲ လုံလောက်တဲ့ ထောက်ပို့ပစ္စည်းအင်အားကမရှိ …အဲ့ဒီတော့ လူတွေဟာ သူတတ်နိုင်စွမ်းရှိ သလောက် လုပ်ဆောင်ပေးပြီးတဲ့အခါလွတ်မြောက်ရာလမ်းကိုရှာဖွေတာ အပြစ်ဖြစ်တယ်လို့ ကျွန်မ မထင်ပါဘူး။ လွတ်မြောက်သွားတဲ့သူတွေ အဖမ်းခံရမှ .. -တ်ဖြတ်ခံရမှ မှ ဝမ်းနည်းပါတယ်။ RIP ပါဆိုပြီး တရက်လောက် ပို့စ်တင်ကြမှာလား…

ပြန်လမ်းမရှိတဲ့နေရာကိုရောက်မှ ကျေနပ်ကြမှာလားရှင် …ဘယ်ကိစ္စမဆို အပြစ်တင်လိုက်ဖို့ထက် ငါတို့ဘက်တော် သား တယောက် လွတ်မြောက်ပြီ။ သူဆက်ပြီး တိုက်ပွဲဝင်နေဦးမယ် ဆိုပြီး ဝမ်းသာပေးလို့ မရနိုင်ဘူးလားရှင် … တချို့တွေနေနေကြသလို မသိသလိုလို ရောယောင်ပြီး နေလို့ရနေလျက်နဲ့ ကိုယ်နိုင်ရာကို လုပ်ဆောင်ပေး နေကြရင် အသိအမှတ်ပြုပေးရမယ် မဟုတ်လားရှင်…

ဒုက္ခရောက်တဲ့အချိန် ဘေးလွတ်ရာပြေးကြရတဲ့အခါ လူကထွက်သွားပေမယ့် ကိုယ်တတ်တဲ့ ပညာနဲ့ဖြစ်စေ နိုင်ရာနေရာကဖြစ်စေ ပါဝင်နေနိုင်ဖို့ တတ်နိုင်သလောက် ဆွဲခေါ်ထားရမှာ မဟုတ်လား…သိပ်ပင်ပန်း ဒုက္ခရောက်တဲ့အခါ ရွေးစရာလမ်းမရှိတော့လို့ ရှိတဲ့လမ်းကြောင်း ရွေးချယ်ပြီးသွားရသူတွေကို တော်လှန်ရေးအတွက် နိုင်ရာအပိုင်းကနေ ပါဝင်စေဖို့ အားပေးသင့်တယ် မဟုတ်လား …

အားလျော့ ဝမ်းနည်းစေပြီး ပိုပင်ပန်းစေတဲ့အခါ ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့ လူတွေ နည်းပါး သည်ထက် နည်းပါး သွားမှာကိုလဲ စိတ်ပူမိပါတယ်။ တောတွင်းနေထိုင်မှုဟာ သီတင်းကျွတ် တန်ဆောင်တိုင် နှစ်သစ်ကူး ညဘက် မီးရှူးမီးပန်းဖောက်တဲ့အသံကြားရင်တောင် လက်နက်ကြီးပစ်တယ်ထင်ပြီး မှောင်မဲထဲ ဘယ်ပြေးရမှန်းမသိ လန့်လန့်နိုးနေရတဲ့ ညပေါင်းများစွာ…တောထဲတောင်ထဲ ဘယ်လိုနေထိုင်ရတယ်။

ဘယ်လောက်စိတ်ပင်ပန်းဝမ်းနည်းစရာတွေနဲ့ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာကို မြို့ပေါ်က တချို့တွေ သိနိုင်ဖို့ ခဲယဉ်းပါတယ်ရှင် …ကိုယ်ချင်းမစာနိုင်ရင်တောင် အပြစ်တွေ မဖို့သင့်ဘူးလို့ ထင်ပါတယ်။ လက်နက်ကိုင်မတိုက်နိုင်တဲ့သူတွေက သူနိုင်ရာနေရာကနေ တာဝန်နိုင်သလောက် ထမ်းနေကြတာပါပဲ…ဘယ်နေရာကမဆို ပါဝင်သူ တယောက်စီ တိုင်းဟာ လေးစားစရာကောင်းသူချည်းပါပဲ …

အခုချိန် မြို့ပေါ်ကို USA က လေယာဉ်တစ်စီးလောက်လွှတ်လိုက်ပြီး… ဘာမှယူစရာမလို … လိုက်ချင်တဲ့သူတက်ခဲ့လို့ ပြောရင် လေယာဉ်ကို အာဖဂန်ကလူတွေလိုတွယ်တက်ပြီး သွားကြမယ့်သူတွေ အများကြီးရှိမှာပါပဲ…မြို့ပြမှာ နေထိုင်သူတွေ လဲ အစစ အရာရာ လုံခြုံမှုရှိနေတာမှမဟုတ်တာ ကျွန်မတို့ နားလည်ပါတယ်။ အပြစ်တင်စောဖို့ထက် ကိုယ် လုပ်နိုင်တဲ့အတိုင်းအတာအတိုင်းဆက်လုပ်နေဖို့ အရေးကြီးပါတယ်။ အချင်းချင်းဖေးမရင်း အားပေးကြဖို့ပဲလိုတယ် ထင်ပါတယ်။

ဆိုရှယ် မီဒီယာမှာ လူသိနေသူတွေအတွက် ရှောင်ရ ၊ ပုန်းရတဲ့အခါ သူများတွေထက် ပိုခက်ခဲပါတယ်။ ကိုယ့်မျက်နှာကြီးမှတ်မိပြီး ဘယ်ချိန်အဖမ်းခံရမလဲ …ဘယ်လိုရှောင်ရမလဲ …ဘယ်လိုနေထိုင်ရမလဲ ဆိုပြီး အမြဲတမ်းလုံခြုံရေးဦးစားပေးစဉ်းစား ရပါတယ်။ တချို့ခရီးလမ်းတွေ နာရီပိုင်းအတွင်းရောက်နိုင်တဲ့လမ်းကြောင်းတွေကို လုံခြုံရေးအရ ၁ ညအိပ် ၂ ညအိပ် ..တခါတလေ ရက်ရှည်ကြာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းသွားရတဲ့ အခါတွေလဲ ရှိပါတယ်။

ဒါတွေကို အသေးစိတ် နားမလည်နိုင်ရင်တောင် ၊ ကိုယ်ချင်းမစာနိုင်ရင်တောင် အပြစ်မဖို့ကြဖို့ ၊ မလှောင်ပြောင်ကြဖို့ ….အလွဲအချော်တွေရှိခဲ့ရင်တောင် အချင်းချင်းဖေးမပြီး လမ်းကြောင်းတည့်အောင် အပြုသဘောနဲ့ ထိန်းကျောင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင် …ကျွန်မတို့ လူမျိုးဟာ အခါကြီးရက်ကြီး များမှာ ဇီဝိတ ဒါန အနေနဲ့ ငှက်ကလေးတွေ ငါးကလေးတွေက စလို့ သတ္တဝါလေးတွေ ရဲ့အသက်ကို ကယ်တင်ကုသိုလ်ယူကြတဲ့ မေတ္တာဓါတ်အင်မတန်ကြီးတဲ့လူမျိုးပါ …

အခုလို အသက်ဘေးကြောင့် မိမိတို့နေထိုင်ရာ အမိမြေ ကို စွန့် .. မိသားစုကိုစွန့် .. ပိုင်ဆိုင်သမျှကို စွန့်ပြီး ခြေဗလာ လက်ဗလာ နဲ့ ရှောင်တိမ်းရတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက် ဟောင်းအချို့အပေါ် မေတ္တာပြ ပေးကြပါလို့ တောင်းပန်လိုပါတယ် …ဘယ်သူတွေ ဘယ်လိုပဲ ပြစ်တင်ကြိမ်းမောင်းကြပါစေ .. အသက်ဘေးကြောင့် အမိမြေမှ ရှောင်တိမ်းခဲ့ ကြရတဲ့ ရဲဘော်များကို အသက်ရှင်သ၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲဝင်မယ့် ရဲဘော်များ လို့ ကျွန်မက ယုံကြည်လေးစားချစ်ခင်လျက်ပါရှင့် ..