ဒီအချိန်မှာ လူတိုင်း သိထားသင့်တဲ့ ရေသန့်စင်နည်း

တောထဲရောက်နေသူများ၊ ရေသန့်ချင်သူများအတွက် အလွယ် ရေသန့်နည်း [ အဖေ့ ကျေးဇူးတင်ရမှာပဲ ။ အဖေ သင်ပေးခဲ့တော့ဆိုတော့ ]
ရေသန့်ဆိုတာနဲ့ ရေကိုစစ်ဖို့ စဉ်းစားမိကြတယ် ။ ခုပြောမှာက ရေမစစ်ခင် အရင်လုပ်ရမယ့် ကိစ္စပါ ။
သဘာဝရေဆိုတာ သူ့ထဲမှာ ဓာတ်သတ္ထုတွေ ပျော်ဝင် နေပါတယ် ။ ဥပမာ ထုံးဓာတ်၊ သံဓာတ် ။
ပျော်ဝင်နေတဲ့ဓာတ်သတ္ထုတွေကြောင့်မြစ်ရေအရသာနဲ့ ၊ ကန်ရေ ၊ အဝီစိတွင်းရေ အရသာ မတူပါ ။ ဥပမာ မြစ်နားနီးလေ ရေငံလေ ။ မသန့်တဲ့ရေ သောက်မိရင်လည်း ရောဂါတွေ ဖြစ်နိုင်ပါတယ် ။

➡ ဆိုတော့ ရေသန့်လုပ်တာမှာ အရင်ဆုံး အဲ့ရေထဲမှာပါတဲ့ ဓာတ်သတ္ထုတွေကို ဖယ်ရှားရပါမယ် ။
အဲ့အတွက် ကျောက်ချဉ်ရေ နဲ့ ထုံးရေကြည် လိုပါမယ် ။


➡ (၁) ကျောက်ချဉ် အနည်းငယ်ဝယ် ။ သေးအောင် ထုခွဲပြီး ၁လီတာရေသန့်ဗူးထဲထည့် ။ ပြီးရင် ရေထည့်ပြီး ခလောက် ။ ကျောက်ချဉ်အခဲလေးတွေ အရည်ပျော်ပြီး ကျောက်ချဉ်ရေ ရပါမယ် ။ မြန်မြန် အရေပျော်ချင်ရင်တော့ အမှုန့်ကြိတ်တာ ဖြစ်ဖြစ်၊ ငရုတ်ဆုံထဲ ထည့်ထောင်းတာဖြစ်ဖြစ် လုပ်လိုက် ။ ပြီးမှ ရေထည့်ပြီး ခလောက် ။


➡ (၂) ထုံးထုပ်သေးလေးတွေ ဝယ် ။ အကြီးဆိုလည်း ရတယ် ။ ကွမ်းယာ ယာရင်သုံးတာ ။ ၃ထုပ်လောက်ဆို ရပြီ ။ အဲ့တာကို ခုနလိုပဲ ရေသန့်ဘူးထဲထည့် ။ ပြီးရင် ရေကျက်အေး (ရေနွေးကို အအေးခံထားတဲ့ရေ ) ကို ဘူးထဲထည့် ။ အပေါ်ရေ မကြည်မချင်း သွန် ။ ဆိုလိုတာက မဖောက်ထုံးကို အခိုးသတ်တာဗျာ ။ အဲ့ ထုံးအပေါ်က အရေကြည် ရရင် တခြား ဘူးအသန့်ထဲကို ပြောင်းပြောင်းထည့်ထား ။ အဲ့ ထုံးရေကြည်ကို သုံးမှာ။
➡ ကဲ လာပါပြီ ။ ကိုယ် ရေသန့်လုပ်မယ့်မကောင်းတဲ့ရေကို တိုင်ကီ တစ်ခုထဲကို ထည့်ပါ ။
➡ အဲ့ရေတိုင်ကီထဲကို ခုနက ကျောက်ချဉ်ရေကို ၄ပုံ၁ပုံလောက်ထည့် ။ ထုံးရေကြည် ကို သူ့ထက် လျှော့ထည့် ။ ပြီးရင် ရေခွက်နဲ့ မွှေပေး ။ ၁မိနစ်လောက်လာက် မွှေရင် ရပြီ ။ [ ကျောက်ချဉ်ရေနဲ့ ထုံးရေကြည်ကတော့ ချိန်ဆပြီး ထည့်ပါ ။ မလုပ်တာကြာတော့ မေ့နေပြီ ။ ]
ခဏနေရင် အနည်အမှုန်တွေ တဖြည်းဖြည်းချင်း တိုင်ကီအောက်ခြေကို ကျလာလိမ့်မယ် ။ အဲ့အနည်မှုန်တွေက ရေထဲမှာ ပျော်ဝင်နေတဲ့ဒြပ်ပေါင်းတွေ ထုံးရေကြည် နဲ့ ကျောက်ချဉ်ရေ ကြောင့် အသွင်ပြောင်းလာတာ ။ အဲ့လောက်ဆို ရေအတော် သန့်သွားပြီ ။
➡ ရေငြိမ်ပြီဆို အပေါ်ရေ ကြည်သွားလိမ့်မယ် ။
➡ အဲ့ရေကြည်ကိုမှ ပုံထဲမှာ ပြထားတဲ့ အတိုင်း ရေပြန်စစ်ရမှာ ။
အိမ်မှာ လုပ်တုန်းကတော့ ၅လီတာ ရေသန့်ဗူးကို သုံးတယ် ။ ရေဗူးဖင်ဘက်ကို လှီးလိုက်တယ် ။ သန့်မယ့်ရေက အဲ့ကနေ ထည့်ရမှာ ။
➡ အဖုံးကို ဖွင့်ပြီးတော့ အဖုံးနေရာ ပိတ်စထူထူနဲ့ ပိတ်လိုက်တယ် [ သဲမှုန် မကျအောင် ၊ ရေလည်း ကျအောင် ] ပြီးမှ ဘေးကနေ သွပ်နန်းကြိုးနဲ့ ချည်လိုက်တယ် ။
➡ ပြီးရင် သဲတကန့် ၊ ကျောက်သေးတကန့်၊ ကျောက်ကြီးတကန့် ထည့်တယ်။
၅လီတာတဗူးဆို သဲ၊ကျောက်သေး၊ ကျောက်ကြီး ၂ခါ ထည့်လို့ရတယ် ။
➡ သဲကို ရေဗူးထဲ မထည့်ခင် အရင်သန့်ပါ ။ အရင်ဆုံး ဇလားတစ်ခုခုထဲ သဲထည့် ။ ရေထည့် ။ ပြီးရင် မွှေ ။ အမှိုက်နဲ့ ရွှံ့ရေလို ဖြစ်လာရင် အဲ့ရေကို သွန် ။ ပြီးရင် ရေထပ်ထည့်ပြီး ပြန်မွှေ ၊ သွန် ။ ရေကြည်လာရင် အမှိုက်လည်း စင်ပြီး သဲလည်း သန့်သွားပြီ ။ အဲ့သဲကိုထည့်သုံး ။
ပုံထဲမှာတော့ မီးသွေးပါ ထည့်ထားတယ် ။ မထည့်လည်း ကိစ္စမရှိဘူး ။ ထည့်ရင်တော့ ပိုကောင်းတယ် ။သူက အဆိပ်အတောက် စုပ်ထားပေးတာ ။ တချို့ ထမင်းချက်ရင် မီးသွေးတခဲ ထည့်ချက်တယ်ဆိုတာ အဲ့အတွက် ။
တတ်နိုင်ရင် ဇီအိုလိုက်ကို အောက်ဆုံးသဲရဲ့ အောက်မှာ ထည့်လို့ရတယ် ။ သိမ်ကြီးဈေးမှာ pound နဲ့ ဝယ်လို့ရတယ်။ မရလည်း ကိစ္စ မရှိဘူး ။ တောထဲမှာဆိုတော့ zeolite နဲ့ မီးသွေးအလွှာ ဖယ်ထားလို့ ရတယ် ။
အဓိကက ရေထဲ ပျော်ဝင်နေတဲ့ မကောင်းတဲ့ ဓာတ်တွေကို ထုံးရေကြည် နဲ့ ကျောက်ချဉ်ရေနဲ့ အရင်ဆုံး ရှင်းထားဖို့ပဲ ။
➡ ပြီးရင်တော့ ရေကို အပေါ်က လောင်းထည့်တာနဲ့ အောက်မှာ ရေကြည်ထွက်ပါပြီ ။
အဲ့ရေသန့်ထွက်မယ့်ဘူးကို မကိုင်ထားချင်ရင် ဘူး ထိပ်ဘေး၂ဖက်က အပေါက်ဖောက် နန်းကြိုးထည့်ပြီး တန်းမှာ ချိတ်ထားလိုက် ။ ကိုယ်က ကျောက်ချဉ်နဲ့ ထုံးရေကြည် ဖြတ်ပြီးသားရေ လောင်းထည့်ပေးရုံပဲ ။ အဲ့တာဆို သောက်ဖို့၊ ထမင်းချက်ဖို့ ရေသန့် ရပါပြီ ။

Credit: မူရင်းတင်သူ