ဖခင် ပြန်အလာကို(၁၈)နှစ်ခွဲတိတိစောင့်နေရှာတဲ့(၇)နှစ်သမီးလေးရဲ့အရိုးများ”(သို့မဟုတ်)” ကြာနီကန်မှာ ရွာတဲ့မိုး”

ဖခင် ပြန်အလာကို(၁၈)နှစ်ခွဲတိတိစောင့်နေရှာတဲ့(၇)နှစ်သမီးလေးရဲ့အရိုးများ”(သို့မဟုတ်)” ကြာနီကန်မှာ ရွာတဲ့မိုး”
……………….
မန္တလေး အိုးဖိုထောင်ထဲကနိုင်ငံရေးအကျဉ်းသားကျွန်တော့်ကိုတွေ့ခွင့်ရဖို့အတွက်သူ့အဖွားနဲ့အတူ ပဲခူးကနေ လိုက်လာတဲ့(၇)နှစ်သမီးလေး ခိုင်ဇွန်မောင်မောင်ဟာ
ထောင်ဝင်စာတွေ့ပြီးအပြန်မှာပဲညတွင်းချင်းဆုံးပါးသွားခဲ့ရတာကြောင့်မန္တလေး ကြာနီကန်အေးရိပ်ငြိမ်သုဿန်အတွင်း မြေမြှုပ်သဂြိုလ်ခဲ့ရတယ်။

အဲဒီနေ့ နေ့လည် ထောင်ဝင်စာတွေ့ရတုန်းကတောင် ဒုတိယတန်းမှာ သူဆုရတဲ့အကြောင်း သမီးကပြောသေးတယ်၊ “ဆုပေးပွဲအမှီဖေဖေပြန်လာမှာလား”လို့
မေးရှာပေမယ့် သမီးစိတ်ကျေနပ်စေမယ့်အဖြေစကား ကျွန်တော်မပေးနိုင်ခဲ့ပါဘူး။ “ဖေကြီး….မီးမီး ဒီနှစ်ဆုယူရင် ဖေကြီးပြန်လာပါနော် ပြန်လာနော်…”လို့
တတွတ်တွတ် မှာနေသံကို နားထဲ ခုထိကြားယောင်နေဆဲပါ။
ထောင်ဝင်စာတွေ့ခွင့်ရချိန်က(၁၅)မိနစ်တည်းမို့၊သမီးလေးက အဖေနဲ့စကားပြောရတာမဝသေးဘူးဖြစ်နေတော့”ဖေကြီးနဲ့ထပ်တွေ့ချင်သေးတယ်”လို့ပူဆာရှာပါတယ်။

အဲ့ဒီနေ့ ကျွန်တော့်ကိုထောင်ဝင်စာတွေ့အပြီးအပြန်၊(၁၉၉၈)ခုနှစ် ဇွန် (၁၃)ရက်နေ့အကူးမနက်(၃)နာရီမှာဘာရောဂါအခံမှ မရှိပါဘဲ
သမီးလေးခမျာရုတ်ချည်းကွယ်လွန်ဆုံးပါးသွားရရှာတယ်။

ထောင်ထဲမှာ ကျွန်တော်ကိုယ်တိုင်လည်းသွေးတိုး၊လေဖြတ်ရောဂါခံစားနေရတာကြောင့်မိသားစုကကျွန်တော်စိတ်မကောင်းဖြစ်မှာစိုးလို့ဒီကိစ္စ အသိမပေးဘဲဖုံးကွယ်ထားခဲ့တဲ့အတွက်ဆုံးပြီး(၂)နှစ်အကြာ(၂၀၀၁)ခုနှစ်ကျမှပဲသမီးဆုံးတဲ့အကြောင်းကျွန်တော်သ်ိရတယ်။

သြော်…ဖေကြီးရဲ ့သမီးလေးရယ်..(၂၀၀၃)ခုနှစ်ထောင်ကပြန်လွတ်လာကတည်းကသမီးအလောင်းမြှုပ်ထားတဲ့နေရာကို ပြန်ရှာချင်ခဲ့တာ။

ကျန်းမာရေးအတွက် အရင်ဆုံး ဆေးဝါးကုသ နေရပြီး ပြိုလဲသွားရတဲ့ဘဝကိုပြန်ထူမတ်ဖို့ အချိန်ယူ ကြိုးစားနေရတာကြောင့်
(၂၀၁၆)ဒီဇင်ဘာ(၉)ရက်နေ့ ကျမှပဲ ချစ်သမီးရှာပုံတော်ဖွင့်နိုင်ခဲ့တယ်။

သမီးအလောင်းမြေကျတဲ့အထိ အစ အဆုံးလုပ်ကိုင်ပေးခဲ့သူ ဆရာတော်ကြီး ဦးကျော်ရွှေနဲ့တွေ့ဖို့ (၂၀၁၆)ဒီဇင်ဘာ(၁၀)ရက်နေ့မှာ
မန္တလေး” မြို့မနှစ်ခြင်းခရစ်ယာန်ကျောင်း”ကိုသွားရတယ်။

ဟိုအရင်ရိုက်ထားခဲ့တဲ့ စျာပနမှတ်တမ်း ဓာတ်ပုံလေးတွေထုတ်ပြ၊ အကျိုးအကြောင်းရှင်းပြပြီး ဖခင်တစ်ယောက်အနေနဲ့ သမီးအတွက် အကြွေးတင်နေသလို
ခံစားနေရတာကြောင့် သမီးရဲ့မြေပုံတွေ့ရင် အုတ်ဂူလုပ်ပေးချင်ကြောင်းပြောပြတယ်။

သူတို့က အံ့သြသွားကြတယ်လေ။ ဂူလည်းသွင်းမထား၊ အချိန်က(၁၈)နှစ်ခွဲကြာမြင့်နေပြီမို့စိုက်ထားခဲ့တဲ့လက်ဝါးကပ်တိုင် အမှတ်အသားလည်း ရှိမှာမဟုတ်သလို၊ ပြီးခဲ့တဲ့နှစ်တွေအတွင်းသုဿ န်အောက်ပိုင်းကို(၃)နှစ်ဆက်တိုက် ရေဝင်ထားသေးဆိုတော့တွေ့ချင်မှတွေ့တော့မယ်လို့ယူဆထားကြတယ်။

ဒါပေသိတွေ့ချင်လည်းတွေ့နိုင်သေးတာမို့မြေမြှုပ်သဂြိုလ်မှတ်တမ်းစာအုပ်ရယ်၊ဓာတ်ပုံအထောက်အထားတွေရယ်နဲ့ပြန်တိုက်ကြည့်ပြီး ရှာဖွေကြဖို့လက်ခံခဲ့တယ်။

(၂၀၁၆)ဒီဇင်ဘာ(၁၃)ရက်ကျတော့ဆရာတော်ရယ်၊သူ့ရဲ ့သမီး(မြေမြှုပ်တုန်းက ပါခဲ့သူ)နဲ့သူ့သားမက်ရယ်၊စာရေးဆရာ မန်းဖိုးအေးအပါအဝင်ကျွန်တော်တို့ တစ်ဖွဲ့လုံး
ဆရာတော့်ကားနဲ့ပဲအေးရိပ်ငြိမ်သုဿ န်၊မြန်မာနှစ်ခြင်းခရစ်ယာန်သချိုင်းကိုသွားကြတယ်။

စျာပနဓာတ်ပုံထဲကနေရာတွေနဲ့တိုက်ဆိုင်စစ်ဆေးတာ၊ရှုထောင်းမျိုးစုံကနေ တိုင်းထွာတာအတန်ကြာလုပ်ကြပြီးအုတ်ဂူနှစ်ခု အကြားမြေပြန့်ပြန့် ကွက်လပ်တစ်ခုကို
“ဒီနေရာပဲ၊ဒီဟာပဲ”လို့ဆရာတော်က တပ်အပ်ပြောလိုက်တယ်။

အဲ့ဒီမြေနေရာမှာ လူမမည်သမီးလေးခေါင်းချသွာခဲ့ရပါလားဆိုတဲ့အသိခံစားချက်ကြောင့်ကျွန်တော်ဝမ်းနည်းပြီးမျက်ရည်ကျမိတယ်
တဆက်တည်းမှာ နာကျည်းစိတ်နဲ့ခံပြင်းဒေါသထွက်ခဲ့ရတယ်။

“သမီးရေ….ဖေကြီးလာပြီလေ…သမီးကိုတွေ့ချင်လွန်းလို့ဖေကြီးလာခဲ့တာပါ၊ခုမှလာနိုင်တာကို ခွှင့်လွှတ်ပါ”လို့မျက်ရည်ကျရင်းတတွတ်တွတ်ပြောနေမိခဲ့တယ်။

အဲ့ဒီနောက်သချိုင်းတာဝန်ခံနဲ့ထပ်တွေ့ပြီးသမီးရဲ့လဲလျောင်းရာ နေရာကို(၂၀၁၆)ဒီဇင်ဘာ(၁၄)ရက်နေ့မှာတူးဖော်တဲ့လုပ်ငန်း စတင်ပါတယ်။

သစ်သားတွေက ဆွေးမြေ့နေပြီးထိလိုက်တာနဲ့တင် ကြွေကျကုန်တယ်၊ရွှံ့တွေကပ်လူးနေတဲ့အရိုးတချို့ထွက်လာတော့”ဒါ ကလေးအရိုးပဲ၊တူးရကျိုးနပ်သွားပြီ”လို့
မြေတူးပေးတဲ့လူငယ်ကအားတက်သရော ပြောတယ်။

ကျွန်တော့် ရင်ထဲမှာ ပူပင်လယ်ဝေနေတယ်၊နာကျင်ကြေကွဲခံစားရတာနှလုံးသားနဲ့မဆန့်တော့ပါဘူး။

မြေကြီးနဲ့ရောနေတဲ့ခြေချောင်းရိုးသေးသေးလေးတွေနဲ့ဘောင်းဘီ သားရေမျော့ကြိုးတစ်ခုထွက်လာတယ်၊ပြီးတော့ အကျီင်္။

အကျီင်္ကိုလှန်တင်လိုက်တဲ့အခါအောက်မှာက နံရိုးသေးသေးလေး။

အင်္ကျီကိုတဖြည်းဖြည်းချင်းဆွဲခွာလိုက်ရာမှာရွှံ့ပေနေတာက လွဲပြီးအကျီင်္ လုံးဝ မပျက်ဆီးသေးပါဘူး၊တကယ်ကို အံ့သြစရာ။ချက်ချင်းရေဆေးပြီး
လျှော်ဖွပ်လိုက်တဲ့အခါအကျီက လုံးဝအကောင်းပါပဲ။

“မြေကြီးအောက် နှစ်အကြာကြီးရောက်နေခဲ့တဲ့အကျီင်္ကိုမပျက်မစီး ပြန်တွေ့ဖူးတာ၊ဒါ ပထမဆုံးပါပဲ”လို့သချိုင်းတာဝန်ခံက ပြောတယ်။

ဒီအကျီင်္ကို သမီးနောက်ဆုံးဝတ်သွားခဲ့ပါလားဆိုတဲ့အသိက ရင်ကို ပူလောင်စေတယ်၊နှလုံးသည်းပွတ်ကဆုပ်ချေခံနေရသလိုပါလေ။

သမီးလေးရဲ့ ကိုယ်သင်းနံ့ကိုဒီအကျီကနေ ရနေတယ်၊ဒီအကျီင်္လေးကို ကိုင်တွယ်ရင်းသမီးလေးရဲ့ကိုယ်ငွေ့ကိုထိတွေ့နေမိရဲ ့။

နောက်ထပ် တွေ့တာကတော့ ခေါင်းအုံးစွပ်လေးနဲ့ သမီးရဲ ့သွားလေးတွေဖြစ်နေတယ်၊

သွားပိုးစားနေတဲ့သမီးရဲ ့ သွား နှစ်ချောင်းကို ကျွန်တော်မမှတ်မိဘဲ ရှိပါ့မလား ?

စက်ရုံကနေ ညနေအလုပ်ဆင်းလို့ကျွန်တော်ပြန်လာတိုင်းအိမ်ပေါက်ဝမှာ သမီးက လာကြိုနေရင်းထမင်းချိုင့်နဲ့အိတ်တွေကို ကူသယ်ပေးတတ်တယ်။
“ဖေကြီး၊မီးမီးလေ…ကျောင်းမှာ
ဘဲရီးဂွတ်အမှန်ခြစ်တွေရတယ်”လို့ပြောပြတယ်၊

ရယ်လိုက်ရင် သမီးရဲ ့”သွား”တွေက ပိုးစားနေလို့ “ပီကေတွေ၊သကြားလုံးတွေစားရင် သွားပိုးစားပြီး မလှတော့ဘူး”ဆိုပြီး
ပြောတော့ ပိုးစားနေတဲ့”သွား”ကိုသူ့လက်လေးနဲ့အုပ်ထားခဲ့တယ်လေ။

သြော်…ချစ်သမီးလေး ဒီပိုးစားနေတဲ့သွားလေးတွေနဲ့ ဖေကြီးကို ပြုံးမပြတော့ဘူးလား သမီးလေးရယ် ?

ဆွေးမြေ့နေပြီဖြစ်တဲ့ဦးခေါင်းခွံဘေးမှာ အဝိုင်းကလေးတစ်ခုထပ်တွေ့လို့ သေချာကြည့်လိုက်တော့ အဖမ်းမခံရခင် နှစ်ရက်အလိုကမှ ကျွန်တော် ဝယ်ပေးခဲ့ဖူးတဲ့
“ပါးနီတို့ဖတ်လေး”ဖြစ်နေတယ်။ အဲ့ဒီနေ့တုန်းက သမီးလေးဟာ သူ့ပါးပြင်ပေါ်မယ် ပါးနီတွေခြယ်ထားပြီး ဆရာမ လုပ်တမ်း ကစားရင်း
သူ့မောင်လေးကိုစာသင်ပေးနေခဲ့ပုံတွေ ဒီပါးနီတို့ဖတ်လေးကြောင့်ပဲကျွန်တော်ပြန်အမှတ်ရလာမိတယ်။

ခုလိုမျိုး ဖေကြီးကလာပြန်ရှာပြီး တူးဖော်မှာသိနေလို့များမြေကြီးထဲမှာ (၁၈)နှစ်ခွဲကြာစိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တာလား သမီးလေးရယ်။

တွေ့ရသမျှ အရိုးအားလုံးစုစည်းလို့(၂၀၁၆)ဒီဇင်ဘာ(၁၆)ရက်မှာပြန်လည်ဂူသွင်းမြှုပ်နှံခဲ့ပြီးအုတ်ဂူကိုတော့အဖြူရောင်ကြိုက်တဲ့သမီးအတွက်ကြွေပြားအဖြူရောင်နဲ့
အလှဆင်ပေးခဲ့ပါတယ်။
ခုလိုမျိုး နာကျည်းခါးသည်း၊ကြေကွဲစရာတွေကိုရင်ဇကာကျမတတ်၊သည်းအူပြတ်မျှ၊ခံစားခဲ့ရပေမယ့်လည်းအလားတူ ဖြစ်ရပ်ဆိုးမျိုးဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
နောက်ထပ် မခံစားစေချင်တာအမှန်ရယ်ပါပဲ။

ကျွန်တော်နဲ့၊ကျွန်တော့်မိသားစုကို”အစွဲအလမ်း မထားဖို့၊မေ့လိုက်ဖို့၊ပြီးလိုက်ဖို့”တရားမပြကြပါနဲ့၊တရားလာ မချကြပါနဲ့လို့မေတ္တာရပ်ခံချင်ပါတယ်။

ကျွန်တော့်သမီးလေးရဲ့”သွား”တွေနဲ့သူ့အကျီင်္လေးကိုပြန်ယူလာရာမှာကျွန်တော့် အိပ်ယာဘေးခုထိထားပြီး အိပ်ပါတယ်။

သမီးလေးနဲ့ပတ်သက်တဲ့အရိပ်အောက်ကကျွန်တော်လွတ်အောင် မရုန်းနိုင်လို့ပါမေ့ပျောက်ဖို့ မလွယ်ပေမယ့်လည်းခွင့်လွှတ်ဖို့ ကြိုးစားပါ့မယ်။

ဒါပေသိခွင့်လွှတ်ဖို့၊ကျေအေးဖို့၊သင်ပုန်းချေဖို့ဆိုတာကကိုယ်ချင်းစာတရားနဲ့အရင်ဆုံးခံစားတတ်ဖို့လိုတယ်၊ဒီကမှ နောက်တဆင့် သတိသံဝေဂတရား
ရယူနိုင်ကြမှာမို့လို့ ပါပဲ။

ပြီးတော့ ကျွန်တော်မေးချင်တယ်။သမိုင်းဆိုတဲ့အရာကကာယကံရှင် မိသားစုတစ်ခုခွှင့်လွှတ်ရုံနဲ့တင် ပြီးသွားရိုးလား ?

ကျူးလွန်ခဲ့ကြသူတွေ အတွက်တော့သမိုင်းက သူ့ဘာသာစီရင်၊ဆုံးဖြတ်၊ဒဏ်ခတ်ပေးသွားလိမ့်မယ်လို့ဒီလိုပဲ ကျွန်တော်ယုံကြည်မိတယ်။

တကယ်ကအတိတ်ကိစ္စ ပြန်ပြောင်းလှန်လှောတယ်ဆိုတာအနာဂတ်အကြောင်း ပြောနေတာပါပဲ။

တိုင်းပြည်တစ်ခုရဲ ့အတိတ်အကြောင်းကိုမှ မသိရင်၊တိုင်းသူပြည်သားတွေ ကြုံခဲ့ရတဲ့မနေ့ကပေါင်းများစွာကိုမေ့လျော့ထားရင်၊အဲ့ဒီ လွန်ခဲ့သောစာမျက်နှာပေါ်က
အကျည်းတန်မှုမျိုး၊အမှားမျိုးနောက်တခါ အလားတူ မဖြစ်အောင်ဘယ်လိုမျိုး ဆင်ခြင်ရှောင်ကွင်း နိုင်ပါ့မလဲ ?

နောက်ပြီးတော့အပြစ်၊အနာအဆာကင်းပြီးလှပတဲ့မနက်ဖြန်အသစ်တစ်ခုကိုလည်းဘယ်ပုံဘယ်နည်းထုဆစ်ဖန်တီး နိုင်မှာတဲ့လဲ ?

မျက်ရည်တွေ မခြောက်သေးဘူး။သွေးတွေ စေးပျစ်နေတုန်း။အရိုးတွေလည်း မဆွေးမမြေ့ ရှိနေဆဲ။

အဲ့ဒီ ပြည်သူအထောင်အသောင်းရဲ ့ ငိုကြွေးရှိုက်ငင်၊နာကျင်ကြေကွဲ၊သွေးသံရဲရဲ ဘဝတ

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post