ထိုင်းနဲ့ တရုတ်ဟာ စစ်ကောင်စီအတွက် ဂယ်ပေါက်လား

ထိုင်းနဲ့ တရုတ်ဟာ စစ်ကောင်စီအတွက် ဂယ်ပေါက်လား

ထိုင်းနဲ့ တရုတ်ဟာ စစ်ကောင်စီအတွက် ဂယ်ပေါက်လား (စစ်ကောင်စီနဲ့ ထိုင်း၊ တရုတ်တို့အကြားက စီးပွားရေး ဆက်ဆံမှု နဲ့ တရားဝင်ဖြစ်မှု အသွားအလာ)နိုင်ငံကို ကိုယ်စားပြုအုပ်ချုပ်ချင်တဲ့ အစိုးရအဖွဲ့တွေမှာ၊ အချုပ်အခြာအာဏာ ရှိဖို့ ကြိုးစားကြလေ့ရှိတယ်။

အစိုးရအဖွဲ့လို့ နာမည်တပ်လိုက်တိုင်း၊ အစိုးရအဖြစ် ပီပီပြင်ပြင် ဖြစ်နေတာ မဟုတ်ဘူး။ အစိုးရတစ်ရပ်အဖြစ် ပီပီပြင်ပြင်ဖြစ်တယ်လို့ ပြောဖို့အတွက် အစိုးရအဖွဲ့မှာ အာဏာရှိဖို့လိုတယ်။ အာဏာဆိုတာက သာမန်အရပ်အသုံးနဲ့ ပြောတာ။ နိုင်ငံတော်ဆိုတာနဲ့ ယှဉ်ပြီး ပြောရင် အချုပ်အခြာအာဏာ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာဆိုတာကို အကြမ်းဖျင်းအားဖြင့် အပိုင်း (၂) ပိုင်း ခွဲကြည့်တယ်။ ပြည်တွင်း အချုပ်အချာအာဏာနဲ့ ပြည်ပအချုပ်အခြာအာဏာ။ ပြည်ပ အချုပ်အခြာအာဏာဆိုတာ နိုင်ငံတကာအသိအမှတ်ပြုမှု ဘယ်လောက်ရတယ်

မရဘူးဆိုတာနဲ့ တိုင်းတာလို့ ရတယ်။ နိုင်ငံတကာအစိုးရတွေမှာ ဘယ်နိုင်ငံတွေက အသိအမှတ်ပြုသလဲ…. ဆိုတာ အစိုးရတစ်ရပ် ရဲ့ တရားဝင်မှုကို ပြဌာန်းတာ၊ ညွှန်ပြတာဖြစ်ပါတယ်။ တရားဝင်မှု ဖြစ်ခြင်း/ မဖြစ်ခြင်းဆိုတာ ယုံကြည်မှုအပေါ်မှာ မူတည်ပါတယ်။

ပြည်တွင်းမှာ ပြည်သူရဲ့ ယုံကြည်မှု မြင့်မြင့်မားမား ရထားရင် ဒါဟာ ပြည်တွင်း အချုပ်အခြာအာဏာရှိတယ်လို့ ဆိုနိုင်တယ်။ တနည်းအားဖြင့် ပြည်တွင်းမှာ ပြည်သူဆီကနေ တရားဝင်မှုကို ရထားတဲ့ အစိုးရဖြစ်တယ်။

ပြည်ပမှာ နိုင်ငံတကာနိုင်ငံတွေရဲ့ ယုံကြည်မှုကို ရထားရင်၊ အသိအမှတ်ပြုမှုကို ရထားရင် ဒါကို ပြည်ပအချုပ်အခြာအာဏာ ရှိတယ်လို့ ခေါ်တယ်။ တနည်းအားဖြင့် ပြည်ပနိုင်ငံတွေဆီကနေ တရားဝင်မှု ရထားတဲ့ အစိုးရဖြစ်တယ်။၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး၊ စစ်ကောင်စီကို ဖွဲ့စည်းလိုက်တယ်။ စစ်ကောင်စီ အနေနဲ့ မြန်မာပြည်ကို လမ်းပြမြေပုံ ထုတ်ပြလိုက်ပြီး တရားဝင် အစိုးရဖြစ်ကြောင်း ကြိုးစားတယ်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းလိုက်တယ်။စစ်ကောင်စီကို ပြည်ပနိုင်ငံတွေထဲက ဘယ်နိုင်ငံကမှ အသိအမှတ်ပြုမှု မရအောင် ကြိုးစားတယ်။

လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကြိုးစားမှုအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် စစ်ကောင်စီဟာ ဒီနေ့ ဒီအချိန်အထိ ပြည်ပရဲ့ ဘယ်နိုင်ငံဆီကမှ အသိအမှတ်ပြုမှုကို မရခဲ့ဘူး။

ဒီတော့ တရားဝင်မှုမဖြစ်သေးတဲ့ အုပ်ချုပ်မှုကောင်စီသာ ဖြစ်နေတယ်။ အစိုးရတစ်ရပ်အဖြစ် မရောက်ရှိသေးဘူး။ ဒါကို ပြည်ပအချုပ်အခြာအာဏာ မရှိတဲ့ စစ်ကောင်စီလို့ ပြောနိုင်တယ်။တစ်ဖက်မှာလည်း ပြည်တွင်းမှာ လူထုက အုံလိုက်ကျင်းလိုက်

သပိတ်မှောက်၊ ဆန္ဒပြ၊ ပုန်ကန်၊ အာဏာဖီဆန်တာတွေ လုပ်တာ ကြောင့် ပြည်တွင်းအချုပ်အခြာ ကင်းမဲ့နေတယ်။ ဆက်လက်ပြီး အုပ်ချုပ်မှုနေရာမှာ ရချင်ရင် ကိုယ့်ဘာသာကို ခန့်အပ်ပြီးတော့ အစိုးရလုပ်နေလို့ မရဘူး။ တရားဝင်မှုရအောင် ကြိုးစားအားထုတ်ရမယ်။

တရားဝင်မှု မရရင် ရာဇပလ္လင်မှာ ကြာကြာထိုင်ထားဖို့ မဖြစ်နိုင်။ ဒီတော့ စစ်ကောင်စီအတွက် ပြည်တွင်းကနေ အချုပ်အခြာအာဏာကို တည်ဆောက်လို့ မရဘူးဆိုတာ ပေါ်လွင်နေတယ်။ ဒါ့ကြောင့် ပြည်ပနိုင်ငံတွေဆီကနေ တရားဝင်မှုရအောင် ကြိုးစား အားထုတ်တယ်။

တရားဝင်မှုဆိုတဲ့သဘောက ယုံကြည်မှုအပေါ်မှာ အခြေခံတာ။ ယုံကြည်မှု ရှိမှ အသိအမှတ်ပြုမှုခံရတာ။ အသိအမှတ်ပြုခံရမှ၊ တရားဝင်ဖြစ်မှု ဖြစ်လာတာ။ တရားဝင်မှုဖြစ်မှ အချုပ်အခြာအာဏာ ဆိုတာ ရှိတာ။ ဒီအချက်တွေက ဆက်စပ်နေတယ်။ ဒါကို နားလည်ဖို့ လိုတယ်။ ပြည်တွင်းမှာလည်း ထိုနည်းလည်း ကောင်း။ ပြည်ပမှာလည်း ထိုနည်းလည်းကောင်း။

အသိအမှတ်ပြုမှုကို ယုံကြည်မှုနဲ့ တည်ဆောက်လို့ မရတဲ့အခါမှာ၊ လာဘ်ထိုးပြီးတော့ ဝယ်ယူပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့တရားဝင်ဖြစ်မှုကို ဘယ်လို လာဘ်ထိုးသလဲ၊ ဘယ်သူ့ကို လာဘ်ထိုးသလဲ။ လာဘ်ထိုးတယ်ဆိုတာ နိုင်ငံတွေ အချင်းချင်းအကြားမှာ ရှိသလား။ ရှိပါတယ်။ သာဓကကို ကြည့်ပါ။

တရားဝင်ဖြစ်မှုလား / ဂယ်ပေါက်လား

စစ်ကောင်စီဟာ လက်ရှိကသောင်းကနင်းအခြေအနေတွေ တည်ငြိမ်မှုရဖို့ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းကို သယံဇာတတွေ ထုတ်ရောင်းဖို့ ကြိုးစားနေတယ်….လို့ ၂၀၂၁ ၊ ဇွန်လ (၁၅) ရက်နေ့က ဧရာဝတီသတင်းဆောင်းပါး

(Myanmar Junta sells resources to Neighbors in Exchange for Legitimacy, Lin Htet Myat, Irrawaddy) တစ်ပုဒ်က ဖော်ပြပါတယ်။ နိုင်ငံတွေဆိုတဲ့သဘောက၊ အကျိုးစီးပွားကို အခြေခံပြီး ဆက်ဆံလုပ်ကိုင်ကြတာဖြစ် တာကြောင့်၊ ပြည်သူတွေဆီကနေ ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှု ရမထားတဲ့ စစ်ကောင်စီဟာ အိမ်နီးချင်းနိုင်ငံတွေ ဆီက အသိအမှတ်ပြုခံရအောင် ကြိုးစားပါတယ်။

အသိအမှတ်ပြုခံရတဲ့အခါ တရားဝင်အစိုးရအဖြစ် ရောက်လာလို့ လုပ်ရကိုင်ရတာ ပိုလွယ်လာပါတယ်။ နိုင်ငံတကာရဲ့ ဖိအားကိုလည်း ရှောင်ရှားနိုင်လာပါတယ်။ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းဆီကနေ လူသိရှင်ကြား ထောက်ခံမှုရရင် စစ်ကောင်စီအတွက်

အသက်ရှုပေါက် ချောင်ပြီဖြစ်ပါတယ်။ တရုတ်နဲ့ ထိုင်းနိုင်ငံတစ်နိုင်ငံထဲက ဖြစ်ဖြစ်၊ နှစ်နိုင်ငံစလုံးပဲဖြစ်ဖြစ် စစ်ကောင်စီကို အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာဇာတ်ခုံမှာ တရားဝင် ထုတ်ပြောပြီဆိုရင်

စစ်ကောင်စီဟာ ဂယ်ပေါက်ရသွားပြီး တိုင်းပြည်ကို လိုသလို ခြယ်လှယ်တော့မှာ ဖြစ်ပါတယ်။ အခုတော့ လက်နက်အားကိုးပြီး ပြည်တွင်းမှာ အနိုင်ကျင့်၊ ညှင်းဆဲ၊ ဖိနှိပ်နေပေမယ့် စစ်ကောင်စီမှာ ဂယ်ပေါက် မရသေး။ ထွက်ပေါက်မရသေး။ အသက်ရှုပေါက် မချောင်သေးတာ တွေ့ရပါတယ်။ထိုင်းနဲ့ တရုတ်ကို မျက်နှာလုပ်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ၊ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကရင်ပြည်နယ်ကို ရောက်ရှိခဲ့ပါတယ်။ ကရင်ပြည်နယ်ထဲက စစ်တပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွားရာ ဧရိယာအတွင်းက ဟတ်ကြီးဆည်စီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဟတ်ကြီးဆည်စီမံကိန်းဟာ သံလွင်မြစ်ပေါ်မှာ တည်ရှိပြီး၊ လျှပ်စစ်မီဂါဝပ်မြောက်မြားစွာ ထုတ်လုပ်နိုင်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီစီမံကိန်းကို ထိုင်းက ရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

၁၄၀၀ မီဂါဝပ်ရနိုင်မယ့် သံလွင်မြစ်အထက်ပိုင်း (ကွမ်းလုံ) စီမံကိန်းနဲ့ ပတ်သက်ပြီး သဘောတူစာချွန်လွှာ ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီစီမံကိန်းမှာ၊ အေးရှားဝေါကလည်း အဓိကပါဝင်ပတ်သက်သူဖြစ်ပါတယ်။

ဆက်လက်ပြီး တရုတ်နဲ့ ယခင် ပူးတွဲလုပ်ဆောင်ထားတဲ့ ဘီအာအိုင် စီမံကိန်းတွေကိုလည်း ဆက်လက် အကောင်အထည်ဖော်နေတာတွေ့ရပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်က၊ တရုတ်ရဲ့ ဘီအာအိုင်စီမံကိန်းတွေကို စိစစ်ခဲ့တယ်။

တရုတ် – မြန်မာစီးပွားရေးစြင်္ကံထဲက စီမံကိန်းတွေကို စိစစ်ပြီး စီမံကိန်းအရွယ်အစား လျော့ချတာတွေ လုပ်ခဲ့တယ်။ အထူးသဖြင့် အရပ်သားအစိုးရလက်ထက်မှာ တရုတ်စီမံကိန်းတွေနဲ့ပတ်သက်ပြီး စိစစ်တင်းကျပ်ခဲ့တာတွေ အမြောက်အမြားရှိတယ်။

အရပ်သားအစိုးရလက်ထက်က ဖြုတ်ချခံထားရတဲ့ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိ၊ မီးလင်းကြိုင်စီမံကိန်းကိုလည်း စစ်ကောင်စီက အတည်ပြုလက်ခံလိုက်တာတွေ့ရပါတယ်။ ဒီစီမံကိန်းကို အကြီးစားစွမ်းအင်စီမံကိန်းတစ်ခုဖြစ်ပြီး

တရုတ်ကုမ္ပဏီတွေက ဦးဆောင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အရပ်သားအစိုးလက်ထက် စိစစ်တင်းကျပ်ခဲ့တဲ့ ဘီအာအိုင်စီမံကိန်းတွေထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူစီးပွားရေးဇုန်စီမံကိန်းတို့လည်း ပါဝင်ပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ၊ ပြည်သူ့အကျိုးစီးပွားကို ကြည့်ပြီးတော့ တင်းတင်းကျပ်ကျပ် စိစစ်ခံရတဲ့ တရုတ်စီမံကိန်းတွေဟာ၊ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ချင်ရာ လုပ်လို့ ရနိုင်တဲ့ အနေအထားကို ပြန်ရောက်လာပါတယ်။

စစ်ကောင်စီကတော့၊ သူ အသက်ရှင်သန်နိုင်ရေးအတွက် နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်တင်းတာ၊ သယံဇာတကို ထိုးကျွေးပြီးတော့ သူ့ရဲ့ တရားဝင်မှုကို မြှင့်တာတွေ လုပ်လာနေတာတွေ့ရပါတယ်။

မြန်မာပြည်ဟာ စစ်အစိုးရအဆက်ဆက်မှာ၊ သယံဇာတကို ထုတ်ရောင်းပြီး စစ်အာဏာသက်ကို ဆက်ခဲ့တာတွေ့ရပါတယ်။ မြန်မာပြည်တွင်းမှာ အကြီးအကျယ် ရာသီဥတု ဆိုးရွားမှုတွေ ပေါ်လာခဲ့တာ ကြာပါပြီ။ သစ်တောတွေ ပြုန်းတီးတာ၊ မြေတွေပြို၊ တောင်တွေ ပြိုတာ။

မြန်မာပြည်တွင်းမှာ တည်ရှိနေတဲ့ မြစ်ကြောင်းသယံဇာတတွေ တိမ်ကောပပျောက်ကုန်တာ၊ ယိုယွင်းပျက်စီးတာ။ ဓာတ်သတ္တုတူးဖော်ရေးတွေ၊ ရွှေတူးဖော်ရေးတွေနဲ့ ကျောက်မျက်ရတနာ တူးဖော်မှုတွေ၊ ကြေးနီနဲ့

သံမဏိ တူးဖော်မှုတွေ၊ ကျောက်မီးသွေး တူးဖော်ရေး စတဲ့ လုပ်ငန်းတွေ အားလုံးမှာ တရုတ်ကုမ္ပဏီတွေက အလုံးစုံ ချုပ်ကိုင်ထားတာတွေ့ရပါတယ်။အကြီးစား စွမ်းအင် ထုတ်လုပ်ရေးနဲ့ အကြီးစား ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ

တရုတ်အစိုးရလက်ဝေခံ တရုတ်ကုမ္ပဏီကြီးတွေ ပါဝင်နေပြီး၊ အောက်ခြေ အသေးစား သယံဇာတတူးဖော် ထုတ်လုပ်မှုတွေရေးတွေမှာ၊ ဘိန်းနဲ့ မူးယစ်ဆေးဝါးကနေ ရရှိတဲ့ ငွေမည်းတွေနဲ့ မြန်မာပြည်ဘက်

ရွှေ့ပြောင်းဝင်ရောက်လာတဲ့ တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အာဏာပိုင်တွေ ကို လာဘ်ထိုးပြီး စိတ်ကြိုက် တူးဖော်ထုတ်လုပ်နေတာတွေကို မြန်မာပြည် အနှံ့အပြားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

စီးပွားရေးစီယာတိုင်ကို ဝင်ကိုင်စစ်အာဏာသိမ်းပြီး နောက်ပိုင်း အထူးစီးပွားရေးဇုန်တွေရဲ့ လုပ်ငန်းကော်မတီတွေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဥက္ကဌ နေရာကို ဝင်ယူခဲ့ပါတယ်။ ဒီကော်မတီတွေရဲ့ အဖွဲ့ဝင်တွေကိုလည်း စစ်တပ်ခေါင်းဆောင်တွေအလိုကျ

အရပ်သား ပညာတတ်တွေကို ခန့်အပ်ခဲ့တာတွေ့ရပါတယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မြန်မာနိုင်ငံအထူးစီးပွားရေးဇုန်စီမံကိန်းဗဟိုကော်မတီရဲ့ ဥက္ကဌ ဖြစ်လာပါတယ်။ သီလဝါ၊ ထားဝယ်နဲ့ ကျောက်ဖြူတို့ဟာ မြန်မာပြည်က အထူးစီးပွားရေးဇုန်စီမံကိန်းတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ၊ ဘီအာအိုင် စီမံကိန်း ဦးဆောင်ကော်မတီရဲ့ ဥက္ကဌ တာဝန်ကို ယူထားပါတယ်။ ဒီကော်မတီက တရုတ် မြန်မာ စီးပွားရေးစြင်္ကံတွင်းက စီမံကိန်းတွေကို မူဝါဒပိုင်းအရ အမြင့်ဆုံး ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။

စစ်ကောင်စီဟာ၊ အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာနဲ့ တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ထားတဲ့ စီမံကိန်းတွေကို အထူးဦးစားပေး လုပ်ဆောင်နေတာတွေ တွေ့ရပါတယ်။

အရပ်သားအစိုးရလက်ထက်က စိစစ်တင်းကျပ်ခံရပြီး ပယ်ဖျက်ခံရတဲ့ စီမံကိန်းတွေကို စစ်ကောင်စီက အလွယ်တကူ ခွင့်ပြုပြီး အကောင်အထည်ဖော်စေတာ တွေ့ရပါတယ်။အာဏာသိမ်းအပြီး ရက်ပိုင်းအတွင်းမှာလည်း ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်ဆိုင်းထားတဲ့

မြစ်ဆုံစီမံကိန်းကိုလည်း တရုတ်ကို ဆက်လက်အကောင်အထည်ဖော်စေဖို့ လက်ခံလိမ့်မယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ သဘောက၊ ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ အသိအမှတ်မပြုခဲ့ရင်တောင်

တရုတ်နဲ့ ထိုင်းနိုင်ငံတို့က လိုလားလက်ခံရင် မိတ်ဆွေနည်းနည်းနဲ့ ရှင်သန်ရပ်တည်မယ့် သဘောထားရှိပါတယ်။ ဒီသဘောထားကိုလည်း ဒုတိယ ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက ပြည်ပမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

တရုတ်ရဲ့ မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီ

ယခင် စစ်အစိုးရတွေ လက်ထက်မှာလည်း၊ ထိုင်းက ကေအန်ယူအပေါ် ထောက်ပံ့မှုတွေ လျော့ချစေဖို့ ၊ ထိုင်းကို ငါးဖမ်းခွင့်၊ သစ်ထုတ်လုပ်ခွင့်နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခွင့်တွေ ပိုပေးပြီး မြူဆွယ်ခဲ့တဲ့ သာဓကတွေ အမြောက်အမြား ရှိပါတယ်။

ယခုလည်း တရုတ်နဲ့ မြန်မာနယ်စပ်မျဉ်းပေါ်က လူမျိုးစုလက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုခွင်ကို ကျဉ်းမြောင်းအောင် သယံဇာတကို သူခိုးဈေးနဲ့ ထိုးရောင်းပြီး တရုတ်ဆီက ထွက်ပေါက် လိုချင်တာပဲဖြစ်ပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ကွယ်မှာ၊

တရုတ်အစိုးရရှိတာကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒါပေမယ့် တရုတ်ဟာ မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီကို ကိုင်စွဲထားပါသေးတယ်။မော်စီတုန်းလက်ထက်က နေဝင်းအစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်က ထောက်ခံခဲ့ပါတယ်။

တိန့်ရှောင်ဖိန်လက်ထက်ကစပြီး မီးစ တစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီကို ကျင့်သုံးလာတာ၊ အခု သမ္မတ ရှီကျင့်ဖျင် လက်ထက်အထိ ဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းမှုနောက်ကွယ်မှာ တရုတ်ရှိတယ်လို့ ယူဆလို့ရပါပေမယ့်

စစ်ကောင်စီကို တရုတ်က လူသိရှိကြား ပြောင်ပြောင်တင်းတင်း အသိအမှတ်ပြုကြောင်း ထုတ်ဖော်မပြောသေးတာ အခုအချိန်အထိဖြစ်ပါတယ်။ရေအားလျှပ်စစ်စီမံကိန်းအများစုဟာ ၉၀ / ၁၀ အချိုးနဲ့ ခွဲဝေယူကြတာများပါတယ်။

တရုတ်နဲ့ဖြစ်ဖြစ်၊ ထိုင်းနဲ့ဖြစ်ဖြစ် ဖက်စပ်လုပ်ဆောင်တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ၊ မြန်မာဘက်က ၁၀ % လောက်သာ ရပြီး တရုတ်နဲ့ ထိုင်းက နှစ်ရှည်အားဖြင့် ၉၀ % ရရှိတာဖြစ်ပါတယ်။ ထိုင်းဘက်ကို ရောင်းထားတဲ့ လျှပ်စစ်ကို မြန်မာက ပြန်လည် ဝယ်သုံးရတာမျိုးတွေလည်း တွေ့ရပါတယ်။

တရုတ်ရင်ခွင်ထဲ ပိုရောက်မလား

စစ်ကောင်စီကို မထောက်ခံသေးတဲ့ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြန်မာပြည်မှာ အမြောက်အမြား ရှိနေပြီးဖြစ်ပါတယ်။ အထူးသဖြင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တာတွေ့ရပါတယ်။

ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ဆုတ်သွားရင်လည်း စစ်ကောင်စီက မမှုပါဘူး။ ဂျပန်နေရာမှာ တရုတ်နဲ့ အစားထိုးဖို့ ပြင်ဆင်ပြီးဖြစ်ပါတယ်။ တရုတ်ကလည်း သူ့ဈေးကွက်ယှဉ်ပြိုင်မှုမှာ ဂျပန်ထွက်သွားရင် အကြိုက်ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ တရုတ်အနေနဲ့ ဂျပန်နဲ့ ယှဉ်ပြိုင်နေရတာဟာ အလိုအလျှောက် ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် တရုတ်အတွက် အခွင့်အလမ်းတွေ ပိုလာမှာ ဖြစ်တာကြောင့်၊ တရုတ်ကလည်း စစ်ကောင်စီကို လက်မလွှတ်ချင်တာဖြစ်ပါတယ်။

အရပ်သား အစိုးရ လက်ထက်မှာ တရုတ်စီမံကိန်းတွေ ကျပ်ကျပ်တည်းတည်းဖြစ်ခဲ့ပြီး၊ စစ်ကောင်စီလက်ထက်မှာတော့ တရုတ်စီမံကိန်းတွေ စိတ်တိုင်းကျ လုပ်ဆောင်နိုင်မယ့် အခင်းအကျင်းမျိုးကို တရုတ်ကလည်း မျှော်လင့်နေပါတယ်။

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာကို တရုတ်ရင်ခွင်ထဲ ပိုရောက်စေမလားဆိုတာ ထပ်မံ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။စစ်ကောင်စီကတော့ သယံဇာတကို သူခိုးဈေးနဲ့ ထိုးရောင်း၊

အထူးစီးပွားရေး စီမံကိန်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို တရားဝင်ဖြစ်မှုအတွက် လာဘ်ထိုးရင်း စစ်အာဏာသက်ရှည်အောင် ဆက်လက်လုပ်ကိုင်နေတာ တွေ့နေရပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

မူရင်းပိုစ့်crd-မင်းသေ့၁၆ ၊ ဇွန် ၊ ၂၀၂၁။