TNLA နယ်မြေအတွင်း စစ်တပ်နဲ့ဆက်နွယ်သောပစ္စည်းများမရောင်းချရန် ပိတ်ပင်

TNLA နယ်မြေအတွင်း စစ်တပ်နဲ့ဆက်နွယ်သောပစ္စည်းများမရောင်းချရန် ပိတ်ပင်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့ထိန်းချုပ်သည့် ဒေသအတွင်း စစ်ကောင်စီနှင့် ပတ်သက်သည့် ကုန်ပစ္စည်းများကို ဇွန်လကုန်မှစတင်ပြီး မရောင်းချရန် ညွှန်ကြားလိုက်ပြီး မလိုက်နာပါက အရေးယူသွားမည်ဟု ဆိုသည်။

ဇွန် ၁၅ ရက် ရက်စွဲဖြင့် TNLA အဖွဲ့၏ အကောက်ခွန်ဌာနက တအာင်း (ခေါ် ) ပလောင်ဘာသာဖြင့် အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာအများအလိုက် အစည်းအဝေးခေါ်ယူပြီး ဈေးသည်များထံ တိုက်ရိုက်ညွှန်ကြားခဲ့ကြောင်း၊ ညွှန်ကြားစာကို ယနေ့ (ဇွန် ၂၈) တွင် ရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့ဒေသခံများထံမှ သိရသည်။

အသုံးမပြုရန် တားမြစ်ထားသည့် အရာများတွင် ဘီယာ၊ ဆေးလိပ်၊ ကော်ဖီမစ်၊ တီးမစ်၊ လဖက်ခြောက်၊ အချိုရည်၊ ဘိလပ်မြေ၊ ဆပ်ပြာ၊ နို့ဆီ၊ အခြားကုန်ပစ္စည်းများနှင့် အမြန်ယာဉ်လိုင်းတချို့လည်း ပါဝင်သည်။

ဘီယာတံဆိပ်များတွင် Myanmar, Dagon တို့ ပါဝင်ပြီး ဆေးလိပ်တွင် Red Ruby, Premium Gold တို့ ပါဝင်သည်။ အမြန်ယာဉ်လိုင်းများတွင် ဗန္ဓုလ၊ ရွှေမန်းသူ၊ သန်မြန်သူနှင့် ပါရမီလိုင်းတို့ ပါဝင်နေသည်။

၎င်းအမိန့်ကို လိုက်နာခြင်းမရှိလျှင် ထပ်မံသတိပေးမည်ဖြစ်ပြီး ထပ်မံမလိုက်နာပါက အရေးယူသွားမည်ဟု ပါရှိသည်။

၎င်းထုတ်ပြန်ချက်ကို ယနေ့ (ဇွန် ၂၈) မှ ရရှိသည့် ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးဈေးသည်တစ်ဦးကလည်း တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများ ဝင်‌ငွေလျော့သွားအောင် လုပ်နိုင်မည်ဖြစ်သည့်အတွက် TNLA ထုတ်ပြန်ချက်ကို လိုက်နာသွားမည်ဟု ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီ၏ ဝင်ငွေရလမ်းတစ်ခုဖြစ်သော စစ်တပ်ပိုင် ကုန်ပစ္စည်းများမသုံးစွဲရေး လှုံ့ဆော်သည့် လှုပ်ရှားမှုသည် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပြီး ထိုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တိုက်တွန်းထားသည်။

မေလဆန်းမှ စတင်ကာ ကွတ်ခိုင်မြို့နှင့် အနီးတစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) ပူးပေါင်းလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ခန့် လှုပ်ရှားနယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီနှင့် အဆက်အသွယ် တတ်နိုင်သမျှလျှော့ချရန် TNLA က ဇွန်လဆန်းတွင် တိုက်တွန်းထားသည်။

Crd-Original Post