အစ္စလာမ်ဘာသာဝင်ဖြစ်လို့ မှတ်ပုံတင်လုပ်တုန်းက ခက်ခဲခဲ့တာတောင် တိုင်းပြည်အတွက် သူ့အသက်ကိုပါစတေးသွားခဲ့တဲ့ ပဲခူးမြို့ကသူရဲကောင်းလေး

အစ္စလာမ်ဘာသာဝင်ဖြစ်လို့ မှတ်ပုံတင်လုပ်တုန်းက ခက်ခဲခဲ့တာတောင် တိုင်းပြည်အတွက် သူ့အသက်ကိုပါစတေးသွားခဲ့တဲ့ ပဲခူးမြို့ကသူရဲကောင်းလေး

မြန်မာ့နွေဦးတော်လှန်ရေးပွဲကြီးမှာတော့ ပြည်သူတွေက သူတို့ရဲ့အသက်၊သွေး၊ချွေးတွေကိုရင်းပြီး အာဏာရှင်ကို ရွပ်ရွပ်ချွံချွံတွန်းလှန်နေကြတာ ဖြစ်ပါတယ် ။

ပြည်သူတွေထဲက သူရဲကောင်းတစ်ချို့ကလည်း တိုင်းပြည်နဲ့လူမျိုးရဲ့အနာဂတ်အတွက် ကြိုးပမ်းအားထုတ်ရင်းနဲ့ အသက်ပေးခဲ့ရပြီ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက ပဲခူးမြို့မှာကျဆုံးခဲ့တဲ့ သူရဲကောင်းတစ်ဦးရဲ့အကြောင်းကို ပြန်ပြောထားတာ ဖြစ်ပါတယ် ။

အဲ့ဒီသူရဲကောင်းရဲ့နာမည်ကတော့ ကိုသဲမောင်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့က ပဲခူးမြို့မှာကျဆုံးခဲ့တဲ့ ပြည်သူတွေထဲကတစ်ဦး ဖြစ်ပါတယ် ။ သဲမောင်ရဲ့အကြောင်းကို သူနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သူက အခုလိုပြောပြခဲ့တာ ဖြစ်ပါတယ်။

သဲမောင်က ပဲခူးမြို့မှာပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း၊ သပိတ်ကြောင်းတွေမှာ ကြွေးကြော်သံတွေကို ပင်တိုင်တိုင်ပေးတဲ့သူဖြစ်ကြောင်း၊ တစ်ခုခုလိုအပ်တာရှိရင် ဘယ်တော့မှ မငြင်းဆန်ဘဲ အမြဲကူညီဖို့အသင့်ရှိနေတတ်သူဖြစ်ကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။

သဲမောင်က သူမှတ်ပုံတင်လုပ်တုန်းက ဘယ်လောက်ခက်ခဲကြောင်း ပြောပြခဲ့ပေမယ့် တိုင်းပြည်အရေးကြုံလာတဲ့အခါမှာတော့ သူ့ဘက်ကလက်မနှေးဘဲ ပါဝင်ခဲ့တာဖြစ်ပါတယ် ။

ဒါကြောင့် ဒီအကြောင်းတွေကိုပြောပြထားတဲ့ ပြည်သူတစ်ဦးက ” သဲမောင်အတွက် ရဲဘော်ရဲဘက်တစ်ယောက်အနေနဲ့ရော ညီအကိုတစ်ယောက်လိုအနေနဲ့ ရော အမြဲဂုဏ်ယူနေမှာဖြစ်သလို တိုင်းပြည်ပြန်တည်ဆောက်ရေးမှာ

ငါတို့မွတ်စလင်တွေ အသက်ပေးပြီး ပါဝင်ခဲ့တယ်ဆိုတဲ့သမိုင်းပြန်ပြောရင် ငါ့အတွက်တော့ မင်းက သမိုင်းသက်သေပါပဲကွာ။ မြန်မာ့နွေဦးတော်လှန်ရေးသမိုင်း၊ ပဲခူးသမိုင်း၊ ဘုရားကြီးမြို့သမိုင်း မြန်မာမွတ်စလင်သမိုင်းကို မင်းကရေးထိုးခဲ့တာပါကွာ” ဆိုပြီး လေးစားဂုဏ်ပြုထားတာ ဖြစ်ပါတယ် ။

Crd-Original Post