မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ချစ်ကို သေဆုံးမှု ကိုဗစ်ဖြစ်နိုင်

မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ချစ်ကို သေဆုံးမှု ကိုဗစ်ဖြစ်နိုင်

ဧရာဝတီ၊ ဇူလိုင် ၂၊ ၂၀၂၁

မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ကိုချစ်ကိုသည် ယနေ့ (ဇူလိုင် ၂ ရက်) နံနက်ပိုင်းက သေဆုံးသွားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဖြစ်နိုင်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

ကိုချစ်ကိုမှာ လာမည့် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအာကစားပြိုင်ပွဲ (Sea-Games)၌ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့၊ အောင်ဆန်းကွင်းတွင် စခန်းသွင်း လေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကိုချစ်ကိုနှင့် နီးစပ်သူတဦးက “ဇွန်လ ၂၃ ရက်နေ့ကတည်းက ဖျားနေလို့ဆိုပြီး သူ့ဖေ့စ်ဘွတ်မှာ ရေးထားသေးတယ်။

အဲဒီနောက်ပိုင်း သုဝဏ္ဏက သူ့အိမ်မှာ ပြန်နားနေတာ။ ကိုယ်တွေလက်တွေ နာတယ်လည်း ပြောတယ်။ နောက်ပိုင်း သက်သာသွားပြီဆိုပြီး အောင်ဆန်းကွင်းမှာ လေ့ကျင့်မှုတွေ လုပ်ဖို့ ပြန်ရောက်လာတာ။ ဒီမနက်ပဲ ဆုံးသွားတယ်။ အိပ်နေရင်း ဆုံးသွားတာ” ဟု ဧရာဝတီကို အတည်ပြုသည်။

ကိုချစ်ကို ဖြစ်စဉ်မတိုင်မီကလည်း မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်သည် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ဆေးကုသမှုခံယူကာ ပြန်လည်သက်သာလာသဖြင့် ယနေ့ ညနေ ဆေးရုံဆင်းမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အောင်ဆန်းကွင်းကို အဝင်၊ အထွက် ပိတ်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ကိုချစ်ကို သေဆုံးမှု ကိုဗစ်ရောဂါဖြင့် ဟုတ်/မဟုတ် စစ်ဆေးမည့် ဆရာဝန်ပင် အထဲသို့ ဝင်ခွင့်မရသေးကြောင်း သိရသည်။

ကိုချစ်ကိုသည် ၂၀၁၃ တွင် မြန်မာ့လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရကာ ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ကမ္ဘာ့ဘိလိယက်ချန်ပီရှစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သူ ဖြစ်သည်။

Crd-Original Post