မြန်မာနိုင်ငံသည် ရှည်ကြာသည့် စစ်အုပ်ချုပ်ရေးနောက်တကြိမ်ကို ဖြတ်သန်းရတော့မည်ဟု တရုတ်ကောက်ချက်ချထား

မြန်မာနိုင်ငံသည် ရှည်ကြာသည့် စစ်အုပ်ချုပ်ရေးနောက်တကြိမ်ကို ဖြတ်သန်းရတော့မည်ဟု တရုတ်အစိုးရက ကောက်ချက်ချထားသည်

မြန်မာစစ်အာဏာသိမ်းမှုကို တရုတ်နှင့် အခြားအိမ်နီးချင်းများက ရှုတ်ချရန် ရည်ရွယ်ချက် မရှိသည်မှာ တရားဝင် အချက်အလက်တခုဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တွေ့လာရသည်။ အာဏာသိမ်းပြီး ၅ လနီးပါးကြာသည်အထိ စစ်ကောင်စီသည် နေ့စဉ်ဆန္ဒပြပွဲများကို ရင်ဆိုင်နေရသော်လည်း စတင်အာဏာသိမ်းစဉ်ကထက် အရေအတွက်လျှော့ကျလာသည်။

တချိန်တည်းတွင် နိုင်ငံအချို့နေရာများတွင် အကြမ်းဖက်မှု၊ စစ်ကောင်စီပစ်မှတ်များကို သတ်ဖြတ်မှုများကို ပိုမိုတွေ့လာရသည်။ မြန်မာနိုင်ငံသားအများစုက စစ်ကောင်စီသို့ပေးပို့သည့် သတင်းစကားမှာ ရှင်းလင်းပြတ်သားလှသည်။ တိုင်းပြည်ကို စစ်ကောင်စီက အုပ်ချုပ်ခြင်းအား ခွင့်မပြုဆိုသည့် သတင်းစကားဖြစ်သည်။

စစ်အာဏာသိမ်းမှုက အောင်မြင်ပြီး ဆက်လက်တည်မြဲနေမယ်လို့ တရုတ်က ထင်နေတယ်သို့သော်လည်း မြန်မာနိုင်ငံသည် ရှည်ကြာသည့် စစ်အုပ်ချုပ်ရေးနောက်တကြိမ်ကို ဖြတ်သန်းရတော့မည်ဟု တရုတ်အစိုးရက အခြေခံအားဖြင့် ကောက်ချက်ချထားကြောင်း Financial Times ၏ အဆိုအရ သိရသည်။

အမေရိကန် သုတေသနလုပ်ငန်းဖြစ်သော Stimson Center မှ တရုတ်-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူ ယွန်ဆန်းက “စစ်အာဏာသိမ်းမှုက အောင်မြင်ပြီး ဆက်လက်တည်မြဲနေမယ်လို့ တရုတ်က ထင်နေတယ်လို့ ယူဆတယ်” ဟုပြောသည်။

တရုတ်သည် မြန်မာနိုင်ငံတွင် ထိပ်တန်း ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတခုဖြစ်ပြီး ဘေ့ဂျင်းနှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးသည့် စွမ်းအင်ပိုက်လိုင်းများအပါအဝင် နိုင်ငံအတွင်း သေနင်္ဂဗျူဟာကျသည့် အခြေခံအဆောက်အအုံစီမံကိန်းများလည်း ရှိနေသည်။ တရုတ်သည် နယ်စပ်တွင် အခြေစ်ိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း နိုင်ငံရေးနှင့် စစ်ရေးအကူအညီများ ပေးနေသည်။

ဘေ့ဂျင်းသည် မြန်မာစစ်တပ်ကို ကာလကြာရှည်စွာ အခိုင်အမာ ထောက်ခံခဲ့ပြီး ဆက်လက်ထောက်ခံနေသည်ဆိုသည့် အမြင်ကြောင့် တရုတ်နိုင်ငံအပေါ် ယနေ့မြန်မာပြည်သူများ၏ မကျေနပ်မှု၊ မနှစ်မြို့မှုများ မြင့်မားလာနေသည်။

ပြည်သူလူထု၏ ပြစ်တင်ရှုတ်ချမှုကို အာခံပြီး စစ်တပ်အုပ်ချုပ်သည့် မြန်မာနှင့် စီးပွားရေးလုပ်သောကြောင့် တရုတ်နိုင်ငံသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

Credit ဧရာဝတီ