စစ်အုပ်စုပိုင်ဆိုင်မှုများကို ဖော်ထုတ်ပြီး ထိန်းချုပ်ထားရန် ကန်အမတ်များတောင်းဆို

စစ်အုပ်စုပိုင်ဆိုင်မှုများကို ဖော်ထုတ်ပြီး ထိန်းချုပ်ထားရန် ကန်အမတ်များတောင်းဆို

အမေရိကန်အစိုးရအနေဖြင့် မဟာမိတ်နိုင်ငံများရှိ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာစစ်တပ်နှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ ငွေကြေးပိုင်ဆိုင်မှုများကို ဖော်ထုတ်ကာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ထိန်းချုပ်ထားရန် အမေရိကန်ဥပဒေပြုအမတ်များက တောင်းဆိုလိုက်သည်။

ထိုသို့ဆောင်ရွက်ခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အမေရိကန်နိုင်ငံသားများကို တရားမျှတမှုမရှိဘဲ ဖမ်းဆီးထိန်းနေခြင်းအပေါ် တာဝန်ရှိသည့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို အထိနာစေလိမ့်မည်ဖြစ်သည်ဟု ဇွန် ၁ ရက်တွင် ဥပဒေပြုအမတ် ၂၁ ဦးလက်မှတ်ရေးထိုးထားသည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီအာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံရဲ့ လတ်တလောအခြေအနေအရ ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထားရှိတဲ့ မြန်မာနိုင်ငံပိုင် ဒေါ်လာ ၁ ဘီလျံကို ထိန်းချုပ်ထားဖို့နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကို အရေးယူဖို့လည်း ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီတောင့်တမှုကို ထောက်ခံအားပေးနိုင်ဖို့ ဒီထက်ပိုပြီး အများကြီးဆောင်ရွက်ပြီးဖြစ်ရပါမယ်” ဟုလည်း ပေးစာက ဆိုသည်။

အမေရိကန် သို့မဟုတ် အခြားနိုင်ငံများရှိ ထိပ်တန်းအရာရှိများအပါအဝင် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးအရ ရှာဖွေစုဆောင်းထားသည့် သတင်းအချက်အလက်များ ပေးရန်လည်း အမေရိကန်ဥပဒေပြုအမတ်များက တောင်းဆိုသည်။

စစ်အုပ်စု၏ ပိုင်ဆိုင်မှုများကို ထိုသို့ ဖော်ထုတ်ထိန်းချုပ်ခြင်းဖြင့် တရားမဝင်အာဏာရယူထားသည့် စစ်အုပ်စုအနေဖြင့် ထိုပိုင်ဆိုင်မှုများကို အသုံးပြုနိုင်ခြင်း မရှိစေသည်သာမက လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားတောင့်တာသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသရာရောက်သည်ဟုလည်း အမေရိကန်ဥပဒေပြုအမတ်များက ဆိုသည်။

စစ်အုပ်စုနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုများထိန်းချုပ်ရေးနှင့် ပတ်သက်၍ သိသာထင်ရှားသည့် စီးပွားရေးဆက်နွှယ်မှုများသာမက မြန်မာဘဏ်များနှင့် ပတ်သက်လုပ်ကိုင်နေသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မြန်မာစစ်တပ်ထိပ်တန်းတာဝန်ရှိသူများ၏ ပိုင်ဆိုင်မှုကို လက်ခံပေးနေသည့်၊ လွှဲပြောင်းပေးခြင်းများဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များကိုလည်း စုံစမ်းဖော်ထုတ်ရန် အမေရိကန်ဥပဒေပြုအမတ်များက တောင်းဆိုထားသည်။

စစ်ကောင်စီအပါအဝင် အာဏာသိမ်းခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ထိပ်တန်း စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ၎င်းတို့မိသားစုဝင်များကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်သော်လည်း စစ်အုပ်စုအပေါ် ထပ်မံ၍ အပြင်းအထန်ပိတ်ဆို့အရေးယူရန် အမေရိကန်ဥပဒေပြုအမတ်များက ဆက်တိုက်ဆိုသလို တောင်းဆိုလျက်ရှိသည်။

Credit Myanmar Now