ကူးစက်မြန် ကိုဗစ်အန္တရာယ် သတိထားဖို့ မြန်မာကျန်းမာရေးပညာရှင်တွေ သတိပေး

ကူးစက်မြန် ကိုဗစ်အန္တရာယ် သတိထားဖို့ မြန်မာကျန်းမာရေးပညာရှင်တွေ သတိပေး

ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေကို တွေ့ရှိထားပြီး ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ တိုးလာနေတဲ့အတွက် သွားလာလှုပ်ရှားမှုတွေကို အထူးသတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေပါတယ်။ ကူးစက်မှုတွေ တိုးမလာအောင်

ကျန်းမာရေး တာဝန်ရှိသူတွေ ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ အများပြည်သူကြား ရောဂါပိုးအန္တရာယ်ကို သတိထားဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းလိုက်ပါတယ်။ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။


အခု ကိုဗစ်တတိယလှိုင်း အတက်ပိုင်း ကြုံနေရပုံကို ကူးစက်ရောဂါ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။“ကူးစက်ရောဂါကို ဖော်ပြတဲ့ Epidemic Curve မှာ သုံးပိုင်းရှိတဲ့အချိန်မှာ တတိယလှိုင်းမှာ ကြုံနေရတဲ့အချိန်က တက်နေတဲ့အချိန်ကို ကျေန်ာတို့ ကြုံရတာပေါ့။

တက်နေတဲ့အချိန်မှာတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ကို ပိုးတွေ့နှုန်းတွေရော ဖြစ်ပွားမှုနှုန်းတွေရော၊ ဖြစ်ပွားမှုနှုန်းများရင် သေဆုံးမှုနှုန်းလည်း များတာပေါ့။ ဒီဟာ တက်လာတယ်ပေါ့။ ပြီးခဲ့တဲ့အပတ်ကတောင် ၁၄ ရာခိုင်နှုန်းလောက် ပိုးတွေ့တဲ့ အနေအထားကနေ အခု ၂၀ ရာခိုင်နှုန်း ပတ်ချာလည်လောက်

ပိုးတွေ့တဲ့ရာခိုင်နှုန်း မြင့်မားလာတယ်။ အရေးပါတာကတော့ မျိုးရိုးဗီဇပြောင်းသွားတာ အရေးပါဆုံးကိစ္စလို့ ပြောရမှာပဲ။ တဖက်ကတော့ ကိုဗစ်ဖြစ်ပွားမှု လျော့ကျလာတာနဲ့အမျှ သတိတွေ လျော့ပါးပြီး ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာမှု အားနည်းတဲ့အချိန်နဲ့ တွေ့လိုက်တဲ့အချိန်မှာ Cluster of Case တွေပေါ့၊

ဒီနေရာတွေကနေ ထွက်လာပြီးတော့ မြို့နယ်အလိုက်ဆိုရင်လည်း Stay At Home မြို့နယ်ပေါင်း ၂၆ မြို့နယ်အထိ ဖြစ်လာပြီပေ့ါ။ တော်တော်ကြီးကို Data တက်လာတဲ့သဘော ရှိတာပေါ့။”

ကိုဝင်းမင်း – အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကူးစက်လာခဲ့လို့လဲဆရာ။

ဒေါက်တာသန်းနိုင်စိုး – “အဓိကတော့ လူစုတဲ့နေရာပေါ့၊ ဈေးတို့ ဘဏ်တို့ ရုံးတို့ အဲဒီလိုနေရာမျိုးတွေမှာ Cluster အလိုက် ဖြစ်တာပေါ့။ လူတွေရဲ့ Population Movement ပေါ့၊ တနေရာနဲ့ တနေရာ ကူးလူးဆက်သွယ်ပြီး သွားတဲ့လမ်းကြောင်းတွေပေါ့၊ ပထမဆုံးတွေ့ရတဲ့ တွန်းဇံမြို့နယ် ကျီခါးမြို့မှာ တွေ့ရတဲ့

အနေအထားကနေပြီးတော့ သူနဲ့ဆက်စပ်ရာ တီးတိန်၊ ဒီဘက်ကနေ ကလေး၊ ဟိုဘက်ကျတော့လည်း တမူးပြီးတော့ လမ်းကြောင်းက ကလေး၊ ကလေးကနေ ဒီဘက် ဆက်ဆင်းလာတဲ့အခါ မုံရွာ၊ အဲဒီကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ ရန်ကုန်၊ အချက်အချာကျတဲ့ လမ်းကြောင်းတလျှောက် စီးဆင်းသွားတာ

တွေ့ရတယ်။”

ကိုဝင်းမင်း – ဒီနေရာမှာ အခုလို တက်လာတဲ့ ကိုဗစ်လှိုင်း အရှိန်ကို ထိန်းနိုင်ဖို့ အရေးအကြီးဆုံးဆိုရင် ဆရာ အဓိက ဘာကို ထောက်ပြချင်ပါလဲ။

ဒေါက်တာသန်းနိုင်စိုး – “အဓိကတော့ Stay At Home လို့ ကြေညာပြီးရင် Stay At Home မှာ လိုက်နာရမယ့်ဟာတွေကို အတိအကျ လိုက်နာဖို့ လိုတာပေါ့။ တခုရှိတာက ဒီလိုမျိုး Stay At Home လို့ ကြေညာရင် အဲဒီမြို့က လူတွေ Awareness ဖြစ်သွားတယ်။ သူ့ရဲ့ ဒေသဆိုင်ရာ တာဝန်ရှိတဲ့သူ အားလုံးကလည်း Awareness

ဖြစ်သွားတဲ့အခါ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်လာနိုင်သမျှ တယောက်နဲ့တယောက် ထိတွေ့မှု နည်းသွားတာနဲ့အမျှ ရောဂါကူးစက်မှုလည်း ကျလာမှာပေါ့။ ဒါကြောင့် အဲဒီလို မိမိအိမ်မှာသာ နေထိုင်ခြင်းကိုသာ တင်းတင်းကျပ်ကျပ် ဖိပြီးတော့ လုပ်လိုက်မယ်ဆိုရင် တအိမ်နဲ့တအိမ်၊ တမိသားစုနဲ့ တမိသားစု ကူးစက်စရာအကြောင်း

မရှိတော့ဘူး။ ဖြစ်တဲ့နေရာမှာပဲ ရပ်သွားမယ်။ ဒီလို Stay At Home ကြေညာပြီးတဲ့အခါမှာ လျော့့ကျသွားတဲ့ မြို့နယ်တွေလည်း ထုတ်ပြစရာတော့ ရှိလာပြီ။”

ကိုဝင်းမင်း – ဒီနေရာမှာ ဆရာတို့ဘက်ကရော ဘာတွေ တိုးမြှင့်ပြီး လုပ်ဆောင်ပေးနေလဲ။

ဒေါက်တာသန်းနိုင်စိုး – “ထိန်းချုပ်တဲ့အပိုင်းကတော့ အဓိကတော့ Enabling Environment ဆိုပြီး အခု Mask ကမ်ပိန်းတွေ တနိုင်ငံလုံးမှာ တိုးချဲ့ဆောင်ရွက်တယ်။ ဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Mask ၁၂ သန်း ဖြန့်ပြီးသွားပြီ။ နောက်ထပ် Mask တွေ ထပ်ပြီးဖြန့်ဖို့ လုပ်ထားတယ်။

တဖက်ကလည်း Sample ဆိုလည်း ၉,၀၀၀ ကျော်၊ ၉,၅၀၀ ပတ်ဝန်းကျင်လောက်အထိ တိုးပြီး စစ်လာနိုင်တယ်။ ပြီးတော့ Contact Tracing တို့ Quarantine တို့ Quarantine စင်တာဆို ရန်ကုန်မှာဆိုရင် သိသိသာသာ တိုးတက်လာတာ မြင်နိုင်တယ်။ အဲဒီလိုပဲ တခြား တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာလည်း

ပြင်ဆင်နေတာတွေ အများကြီးပဲ။”

ကိုဝင်းမင်း – နောက်တခုက ဒုတိယလှိုင်းတုန်းကလည်း အစုလိုက် အပြုံလိုက် နေရတဲ့ နေရာတွေ၊ လုပ်ငန်းမျိုးတွေကနေ ပိုကူးစက်ခဲ့တာမို့ ဒီတခေါက်အတွက်ရော အဓိက ဘာမှာချင်လဲ။

ဒေါက်တာသန်းနိုင်စိုး – “လုပ်ငန်းလမ်းညွှန်တွေ ရှိပါတယ်။ ထောင်မှာ လိုက်နာရမယ့်ဟာတွေ၊ အချုပ်မှာ လိုက်နာရမယ့်ဟာတွေ၊ ရုံးတွေ၊ ဈေးတွေ၊ ကျောင်းတွေ၊ ခရီးသွားတဲ့အခါ ကားစီးရင် ဘယ်လိုစီးရမယ်၊ ကုန်စည်စီးဆင်းရေးမှာ ဘယ်လိုရှိတယ်၊ စသည် အခြေခံစည်းမျဉ်းတွေပေါ့၊ လုပ်ငန်းလမ်းညွှန်တွေရှိတယ်။

ဒါတွေကို လိုက်နာတဲ့ Institution က သေချာတယ်၊ ဖြစ်ပွားခဲ့ရင်တောင် အနည်းဆုံး ခံစားရမယ်။ နောက်တခုက နိုင်ငံဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း စပြီး ကာကွယ်သလို ကိုယ့်ရဲ့ Institution ထဲမှာလည်း ဒီလို

ကာကွယ်တဲ့အလေ့အထတွေ လုပ်ရင် ဒီရောဂါ ကွင်းဆက်က ပြတ်တောက်သွားမှာပေါ့။”

ကိုဝင်းမင်း – နောက်ဆုံး သေဆုံးမှုတွေမှာ လိုက်ပြီး မပြင်းထန်လာဖို့ ဘာတွေပြင်ထားလဲ။

ဒေါက်တာသန်းနိုင်စိုး – “ကုသရေးအပိုင်းကတော့ အရေးအကြီးဆုံးကတော့ အောက်စီဂျင်ကိုတော့ ကျနော်တို့ တော်တော်ကြီးကို ကြိုးစားပမ်းစားနဲ့ ဆောင်ရွက်လျက်ရှိတယ်။ နောက်တခုက လူနာခုတင်တွေပေါ့၊ လိုအပ်ရင် စင်တာကြီးတွေ ပြန်ပြီးတော့ ကြိုးပမ်းတာမျိုးပေါ့ နောက်တခုက ဆေးရုံတွေမှာလည်း

သွားပြီးတော့ ပြုံနေတာမျိုး မဖြစ်အောင် ရောဂါလက္ခဏာအရ နည်းနည်း သက်သောင့်သက်သာရှိတဲ့ လူနာတွေဆို အနံ့ပျောက်စင်တာတို့ ထားပြီးတဲ့အခါ လိုအပ်လာတဲ့အခါ ဆေးရုံချက်ချင်း ပို့နိုင်အောင်ပေါ့၊ ဆေးရုံမှာလည်း ICU ဘက်တွေ၊ ဒေသအလိုက် ပြင်ဆင်နေတာ ရှိပါတယ်။ တနေရာနဲ့ တနေရာတော့ မတူဘူးပေါ့။

ဒါပေမယ့် Overall ကြည့်ရင်တော့ တိုးတက်မှုတွေ ရှိပါတယ်။”

ကိုဝင်းမင်း – ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာသန်းနိုင်စိုးခင်ဗျ။

Crd-Original Post