အမေရိကန်ဩဇာကြီး ရှေ့နေအသင်းက စစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာပို့

အမေရိကန်ဩဇာကြီး ရှေ့နေအသင်းက စစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာပို့

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဖမ်းဆီးထားတာကို ရှုတ်ချကြောင်း အမေရိကန် ရှေ့နေများ ဘားအသင်း ABA က ထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို ABA ရဲ့ လက်ရှိ ဥက္ကဌ မစ္စ ပက်ထရစ်ရှာ လီရီဖိုက လက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။

အဲဒီစာထဲမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ရူးလ်အော့ဖ်လောကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ် ဆိုပြီး

ရေးသားထားပါတယ်။စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖော်ဆောင်ရေး၊ ဒီမိုကရေစီ အခြေခံမူတွေနဲ့အတူ အခြေခံဥပဒေနဲ့ညီတဲ့ အစိုးရတွေ ထူထောင်ထားရှိရေး ဆိုတဲ့ အာဆီယံ ပဋိညာဥ်ပါ အချက်တွေကို ချိုးဖောက်

ရာရောက်နေတယ်လို့ အမေရိကန် ရှေ့နေများ ဘားအသင်းရဲ့ ဥက္ကဌက ထောက်ပြထားပါတယ်။

အရပ်သားအုပ်ချုပ်ရေးကို ဖယ်ရှားတဲ့ လုပ်ရပ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို မလေးစား မလိုက်နာတဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း မစ္စ လီရီဖိုက ရှုတ်ချပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ တရားရေးစနစ်တစ်ခုလုံးကို ပစ်ပယ်လိုက်တာ ဖြစ်ပြီး၊ ရှေ့နေနဲ့ တရားသူကြီးတွေဟာ အမှီအခိုကင်း သီးသန့်လွတ်လပ်ဖို့ လိုတယ် ဆိုတဲ့ အခြေခံမူကိုပါ ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။

သီးသန့်လွတ်လပ်တဲ့ တရား စီရင်ရေး အာဏာကို ပျက်ပျယ်စေတဲ့ မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လုပ်ရပ်တွေ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေရဲ့ ရှေ့နေတွေကိုပါ

မရှောင် ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ အခြေအနေတွေဟာလည်း အင်မတန် စိုးရိမ်စရာ ကောင်းလှတယ်လို့ ရေးသားထားပါတယ်။စစ်ခေါင်းဆောင်တွေ အနေနဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို လေးစားပြီး အရပ်သား အစိုးရနဲ့ CRPH အဖွဲ့ဝင်တွေ အပါအဝင်

ရွေးကောက်ခံ လွှတ်တော်ထံ အာဏာပြန်အပ်ဖို့ အေဘီအေ အဖွဲ့က တောင်းဆိုပါတယ်။ဒါ့အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိဖို့၊ ရှေ့နေတွေကို အန္တရာယ်မပြုဖို့၊ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးနေတာတွေ ရပ်ဖို့နဲ့ ကျုးလွန်တဲ့ စစ်အရာရှိတွေကို နိုင်ငံတကာ

လူ့အခွင့်အရေး ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ ဖို့ ဆိုတာတွေလည်း အေဘီအေ အဖွဲ့က အကြံပြုပါတယ်။

အမေရိကန် ရှေ့နေများ ဘားအသင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တရားလွှတ်တော်ရှေ့နေတွေ အပါအဝင် ဥပဒေ ပညာရှင်တွေ ပေါင်းစုထားတဲ့အင်အားအကြီးဆုံး ရှေ့နေအဖွဲ့ဖြစ်ပါတယ်။

ဥပဒေကျောင်းတွေမှာ ပညာရပ်ပိုင်းဆိုင်ရာ စံနှုန်းတွေ သတ်မှတ်တဲ့ အခါမျိုး၊ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းရင် ထားရှိရမယ့် ကျင့်ဝတ်တွေကို အဓိပ္ပာယ်ဖွင့် ဖော်ဆောင် သတ်မှတ်တဲ့ အခါမျိုးတွေမှာ ဩဇာရှိ လွှမ်းမိုးတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

အေဘီအေရုံးချုပ်ဟာ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်မှာ ရှိပြီး ဝါရှင်တန်ဒီစီမြို့ ရုံးခွဲကလည်း နာမည်ကျော်ထင်ရှားတဲ့ အေဘီအေရုံးပဲ ဖြစ်ပါတယ်။

Crd-Original Post